စစ်အုပ်စုနဲ့ ကချင်ပြည်နယ်ရွေးကောက်ပွဲပုစ္ဆာ

2
ကချင်ပြည်နယ်ရွေးကောက်ပွဲ မြေပုံ

 

ဒီဇင်ဘာ၊ ၆

၂၀၀၀ ပြည့်နှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မြို့နယ်အများဆုံးအဖြစ် စံချိန်တင်မယ့် ရွေးကောက်ပွဲကို စစ်အုပ်စုက ပြုလုပ်ပါတော့မယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မကျင်းပနိုင်တဲ့ မြို့နယ်က ၅၆ မြို့နယ်ပါ။ ဒါဟာ ၂၀၁၀ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေထက် စံချိန်တင်များပြားတဲ့ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ် ပမာဏဖြစ်ပါတယ်။

စစ်အုပ်စု ရွေးကောက်ပွဲမလုပ်ဘူးလို့ ကြေညာတဲ့ ၅၆ မြို့နယ်ထဲမှာတော့ ကချင်ပြည်နယ်က ၄ မြို့နယ် ပါဝင်ပါတယ်။

အဲဒီ မြို့နယ်တွေကတော့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ချီဖွေ၊ ဆော့လော်၊ ဆွမ်ပရာဘွမ်နဲ့ အင်ဂျန်းယန်မြို့နယ်တွေ ဖြစ်ပါတယ်။

ကျန်တဲ့ မြို့နယ် ၁၄ မြို့နယ်မှာတော့ ရွေးကောက်ပွဲလုပ်မယ်လို့ သေချာတဲ့ ကြေညာချက်မျိုး စစ်အုပ်စုဟာ အစပိုင်းမှာ မထုတ်ပြန်ခဲ့ပါဘူး။

ဒါကြောင့် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး) က လွဲလို့ ကျန်တဲ့ပါတီတွေဟာ တချို့မြို့နယ်တွေမှာ ပြိုင်ရမလား မပြိုင်ရဘူးလားဆိုတာ မသေချာခဲ့တာကြောင့် ဝင်မပြိုင်ခဲ့ပါဘူး။

အခုတော့ အဲဒီ မြို့နယ် ၃ မြို့နယ်က မဲဆန္ဒနယ် ၄ နေရာမှာ ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ် ၄ ဦးဟာ ပြိုင်ဘက်မရှိတာကြောင့် မပြိုင်ခင်က နိုင်နှင့်ပြီးသွားပါပြီ။

ပြိုင်ဘက်မရှိတဲ့ မဲဆန္ဒနယ်တွေက နောင်မွန်းနဲ့ မံစီက ပြည်သူ့လွှတ်တော်နေရာ၊ ရွေကူက ပြည်နယ်လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၂ နေရာဖြစ်ပါတယ်။

အဲဒီကိုယ်စားလှယ်တွေကတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရယ်ဒမ်းတန်( နောင်မွန်းမဲဆန္ဒနယ် )၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကွမ်ဆန်း(မံစီမဲဆန္ဒနယ်) ၊ ဦးကျော်ဝင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(ရွေကူမဲဆန္ဒနယ်)၊နဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်(ရွှေကူမဲဆန္ဒနယ်) တို့ ဖြစ်ပါတယ်။

အဲဒီထဲက နောင်မွန်းမဲဆန္ဒနယ်ကတော့ ပြည်ခိုင်ဖြိုးနယ်မြေလို့ ပြောရပါမယ်။ ဘာလို့လဲဆိုရင် ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲ ၃ ခုမှာ ပြည်ခိုင်ဖြိုးပါတီက အနိုင်ရခဲ့လို့ပါ။

မံစီကတော့ အခုအချိန်မှာ KIO/KIA က ထိန်းချုပ်ထားပြီး ရွှေကူကလည်း တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတဲ့ နေရာဖြစ်ပါတယ်။ ဗန်းမော်၊ ဝိုင်းမော်နဲ့ ဖားကန့်တို့မှာလည်း တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်ပွားနေပါတယ်။

KIO/ KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ရွေးကောက်ပွဲလုပ်နိုင်ဖို့အတွက် စစ်အုပ်စုဟာ နယ်မြေထိန်းချုပ်နိုင်ရေး ကြိုးစားနေတာတွေ့ရတယ်လို့ မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ဖားကန့်မှာလည်း သူတို့ရွေးကောက်ပွဲလုပ်နိုင်ဖို့အတွက် နယ်မြေစိုးမိုးရေးတွေ သူတို့ပြန် ထိန်းချုပ်နိုင်ဖို့အတွက် ကြိုးစားနေတာ ဗန်းမော်မှာလည်း အဲလိုပါပဲ ဝိုင်းမော်ဘက်မှာလည်း ဝိုင်းမော်လုံခြုံရေးကအစပေါ့။ ရွေးကောက်ပွဲအတွက် သူတို့ကြိုးစားတာကို တွေ့ရပါတယ်။ လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

စစ်ကော်မရှင်အနေနဲ့ တော်လှန်ရေးနယ်မြေတွေသာမက အရပ်သားတွေကိုလည်း ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ မြင်မိကြောင်း စစ်ကော်မရှင်ရဲ့ လေယာဉ်၊ ဒရုန်းတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပေါ် ကချင်နိုင်ငံရေး သုံးသပ်လေ့လာသူတစ်ဦးကလည်း မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုဖြေကြားထားပါတယ်။

ဒီလိုတိုက်ခိုက်မှုဟာ သူတို့အနေနဲ့ ဝေဟင်မှာ သူတို့ စိုးမိုးနိုင်တယ်။ နောက်တစ်ချက်ကတော့ တော်လှန်ရေးအဖွဲ့အစည်းတွေက မြေပြင်အနေနဲ့ပဲ စိုးမိုးနိုင်တဲ့ တိုက်ခိုက်နေတဲ့ အခြေအနေမျိုးကို ဝေဟင်ကနေ သူတို့အနေနဲ့ ပိုပြီးမှ စိုးမိုးပြီးမှ နယ်မြေကို ထိန်းချုပ်နိုင်တယ်ဆိုတဲ့ သဘောကို ပြနေခြင်းဖြစ်ပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဗန်းမော်၊ ဖားကန့်နဲ့ ဝိုင်းမော် မြို့နယ် ၃ မြို့နယ်မှာတော့ ရွေးကောက်ပွဲ လုပ်နိုင်မလုပ်နိုင်ဆိုတာ မသေချာသေးပေမဲ့ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ စာရင်းကိုတော့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကော်မရှင်က ကြေညာပြီးပါပြီ။

ဒါကြောင့် ရွေးကောက်ပွဲနီးလာတာနဲ့အမျှ အဲဒီဒေသမှာ တိုက်ပွဲတွေပြင်းထန်လာပြီး အောက်တိုဘာနဲ့ နိုဝင်ဘာလတွေမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်အုပ်စုရဲ့တပ်တွေကြား မြေပြင် ထိတွေ့တိုက်ပွဲ အကြိမ်ရေ ရာနဲ့ချီဖြစ်ပွားနေတာပါ။

 

စစ်ကော်မရှင်ရွေးကောက်ပွဲလုပ်မယ့် နယ်မြေအခြေအနေ

——————-

အခုအချိန်မှာ စစ်အုပ်စုက ၁၈ မြို့နယ်ရှိတဲ့ ကချင်ပြည်နယ်ထဲ နေရာအများစုမှာရွေးကောက်ပွဲ လုပ်နိုင်မယ့် မြို့နယ်တွေဟာ ၇ မြို့နယ်ပဲ ရှိတယ်လို့ ဆိုလို့ရပါတယ်။ ပြည်နယ်ရဲ့ ၃ ပုံ ၁ ပုံကျော်ပါ။

ရွေးကောက်ပွဲမကျင်းပဘူးလို့ ကြေညာထားတဲ့ ၄ မြို့နယ်၊ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ၃ မြို့နယ်(ဗန်းမော်၊ဖားကန့်၊ဝိုင်းမော်)၊ မပြိုင်ခင် နိုင်နှင့်နေပြီးသား ၃ မြို့နယ်က မဲဆန္ဒနယ်တွေနဲ့ KIA ထိန်းချူပ်နယ်မြေက မိုးမောက် ၁ မြို့နယ် နုတ်လိုက်ရင် တကယ်ကျင်းပနိုင်မှာက ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ ၂ ထဲမှာပါဝင်တဲ့ ၇ မြို့နယ်ပဲ ရှိတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။

အဲဒီ ၇ မြို့နယ်ထဲက မချမ်းဘော့နဲ့ ခေါင်လန်ဖူးတို့မှာတော့ ပြည်ခိုင်ဖြိုးဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက ပြည်သူ့လွှတ်တော်နေရာတွေအတွက် အနိုင်ရခဲ့ဖူးသလို ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ခေါင်လန်ဖူးမှာ ပြည်ခိုင်ဖြိုးက ထပ်အနိုင်ရရှိခဲ့ပါတယ်။

ဒါကြောင့် စစ်အုပ်စုနောက်ခံရှိတဲ့ ပြည်ခိုင်ဖြိုးဟာ ကချင်ပြည်နယ်ထဲက ၅ မြို့နယ်လောက်မှာပဲ တခြားပါတီတွေနဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။

အဲဒီမြို့နယ်တွေကတော့ မြစ်ကြီးနား၊ တနိုင်း၊ ပူတာအို၊ မိုးညှင်း၊ မိုးကောင်း တို့ဖြစ်ပါတယ်။ အဲဒီမြို့နယ်တွေထဲမှာလည်း ပူတာအိုကလွဲလို့ ကျန်တဲ့ ၄ မြို့နယ်မှာ ပြည်ခိုင်ဖြိုးဟာ ၂၀၁၅ တုန်းက ဒုတိယမဲအများဆုံး ရရှိခဲ့ဖူးပါတယ်။

တခြားပါတီတွေရော ဘယ်လိုခြေအနေရှိလဲ

———————-

ကချင်ပြည်နယ်မှာ ပြည်ခိုင်ဖြိုးနဲ့အတူ ယှဉ်ပြိုင်အရွေးခံမယ့် ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)လိုမျိုး တနိုင်ငံလုံးယှဉ်ပြိုင်မယ့် ပါတီတွေ ရှိတဲ့အပြင် တိုင်းရင်းသားပါတီတွေလည်း ယှဉ်ပြိုင်ကြဖို့ရှိနေပါတယ်။

ကချင်ပြည်နယ် ပြည်သူ့ပါတီ(KSPP)၊ ဒူးလေးပါတီ၊ ဒီမိုကရေစီပါတီသစ်(ကချင်) တို့လို တိုင်းရင်းသားပါတီတွေလည်း ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။

၂၀၂၀ ရွေးကောက်ပွဲမှာတုန်းကတော့ နေရာအများစုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကို မယှဉ်ပြိုင်နိုင်ခဲ့သလို တိုင်းရင်းသားပါတီတွေအနေနဲ့လည်း သူတို့စိုးမိုးရာ မဲဆန္ဒနယ် ၂ ခုနဲ့ တိုင်းရင်းသားရေးရာဝန်ကြီး နေရာလောက်မှာသာ အနိုင်ရခဲ့တာပါ။

ပထမဦးဆုံးဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)ဆိုရင် တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအပါအဝင် လွှတ်တော်နေရာ ၆၇ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမဲ့ ၄ နေရာသာ အနိုင်ရှိခဲ့တာကို တွေ့ရပါတယ်။

အဲဒီ ၂၀၂၀ ရွေးကောက်ပွဲတုန်းကဆိုရင် KSPP ဟာ ပထမဦးဆုံး ဝင်ရောက်ယှဉ်ပြိုင်မယ့် တိုင်းရင်းသားပါတီသစ် ဖြစ်တာကြောင့် ကချင်လူထုက မျက်စိကျခဲ့ပေမဲ့ ထင်ထားသလို အနိုင်မရခဲ့တာကို တွေ့ရမှာပါ။

လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာလုပ်မယ့် ရွေးကောက်ပွဲအပိုင်း ၁ မှာတော့ NLD ပြီးရင် ပြည်ခိုင်ဖြိုးပါတီက ဒုတိယအားသာခဲ့ဖူးတဲ့ မဲဆန္ဒနယ်တွေဖြစ်တဲ့ မြစ်ကြီးနား၊ တနိုင်း၊ ခေါင်လန်ဖူး၊ နောင်မွန်၊ ပူတာအိုနဲ့ မိုးညှင်းမြို့နယ်တို့ ပါဝင်ပါတယ်။

ဇန်နဝါရီ ၁၁ ရက်နေ့မှာ လုပ်မယ့် ရွေးကောက်ပွဲ အပိုင်း ၂ မှာတော့ မိုးကောင်း၊ ဝိုင်းမော်နဲ့ မချမ်းဘော့မြို့နယ်တို့ ပါဝင်ပါတယ်။

အပိုင်း ၂ ထဲမှာပါဝင်တဲ့ ဝိုင်းမော်မြို့နယ်ဟာ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသဖြစ်တဲ့အပြင် နေရာအများစုဟာလည်း KIA ထိန်းချုပ်ထားတဲ့နေရာတွေ များပါတယ်။ ဒါကြောင့် ဝိုင်းမော်မြို့ပေါ်ရပ်ကွက်လောက်မှာသာ လုပ်နိုင်မယ့် အခြေအနေပါ။

အပိုင်း ၁ နဲ့ ၂ မှာ ကျင်းပမယ့် မြို့နယ်တွေမှာလည်း မြို့နယ်တစ်ခုလုံး အပြည့်အဝရွေးကောက်ပွဲ မလုပ်နိုင်ပါဘူး။ ရပ်ကွက်နဲ ကျေးရွာအုပ်စု ၁၀၆ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့ စစ်အုပ်စုက ထုတ်ပြန်ထားပါတယ်။ ကျန်ရှိနေတဲ့ စစ်အုပ်စိုးမိုးရာ ရပ်ကွက်/ကျေးရွာအုပ်စုတွေမှာပဲ ရွေးကောက်ပွဲလုပ်မယ့် အခြေအနေဖြစ်ပါတယ်။

ကျန်တဲ့အပြည့်အဝရွေးကောက်ပွဲလုပ်ရမယ့် မြို့နယ်တွေနဲ့ မဲပုံးနည်းနည်းပဲ ထောင်ရမယ့် ဗန်းမော်၊ ဖားကန့်၊ မံစီ၊ မိုးမောက်နဲ့ ရွှေကူမြို့နယ်တွေကတော့ ရွေးကောက်ပွဲ အပိုင်း ၃ ထဲ ပါဝင်လာနိုင်မလားဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ အဲဒီမြို့နယ်တွေကနေ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းစာရင်းတွေကတော့ စာရင်းပေါက်ထားပြီးပါပြီ။

စစ်အုပ်စုကတော့ ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲကျင်းပသွားမှာလို့ ပြောဆိုထားပြီး တစ်ပိုင်းနဲ့ တစ်ပိုင်းကို ၂ ပတ်ခြားပြုလုပ်မယ်လို့ ဆိုထားပါတယ်။ ဒါ့ကြောင့် လာမယ့် ဇန်နဝါရီလမကုန်ခင် အပိုင်း ၃ ပိုင်းစလုံး ကျင်းပပြီးစီးနိုင်အောင် ပြုလုပ်မယ်လို့ မျှော်လင့်ရပါတယ်။

KIO/ KIA ကတော့ သူတို့ထိန်းချုပ်ဒေသတွေမှာ မဲပုံးထောင်ခွင့်ပေးမှာ မဟုတ်ဘူးလို့ တိတိလင်းလင်း ပြောထားပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကတော့ စစ်ကော်မရှင် အုပ်ချုပ်မှုအောက်မှာ နေထိုင်နေတဲ့ ပြည်သူတွေအနေနဲ့ ကြိုက်သည်ဖြစ်စေ၊ ဆန့်ကျင်လိုသည်ဖြစ်စေ ရွေးကောက်ပွဲမှာ မဖြစ်မနေ ပါဝင်တော့ရမှာဖြစ်ပြီး တစ်ယောက်ချင်းစီရဲ့

ပါဝင်မှုဟာ တစ်နိုင်ငံလုံးနဲ့ ပြည်ထောင်စုတွင်း အတူယှဉ်တွဲနေထိုင်တဲ့ တိုင်းရင်းသားတွေရဲ့ကံကြမ္မာကို ဆုံးဖြတ်ပေးခြင်းဖြစ်တာကို သတိရကြဖို့နဲ့ မှန်ကန်တဲ့‌လမ်းကြောင်း‌ပေါ်မှာ လျှောက်လှမ်းကြဖို့

တိုက်တွန်းပြောဆိုထားပါတယ်။

အခုရွေးကောက်ပွဲကို ထောက်ခံတဲ့အဖွဲ့နဲ့ ဆန့်ကျင်တဲ့အဖွဲ့ဆိုပြီး အဖွဲ့ကြီးနှစ်ဖွဲ့ အထင်းသား ပေါ်ထွက်လာတော့မှာဖြစ်တယ်။ ဒီအဖွဲ့နှစ်ဖွဲ့ဟာ အလွယ်တကူ ဆွေးနွေးဖို့ ခဲယဉ်းလာတော့မယ်။ ပြည်တွင်းစစ်လည်း အချိန်ပိုကြာမြင့်လာမယ်။ ဆွေးနွေးတိုင်ပင်ဖို့ခဲယဉ်းသွားမှာကို အရမ်းစိုးရိမ်တယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here