ဖားကန့်မြို့နယ်၊ဟောင်ပါးကျေးရွာတွင် KIA နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေ

432
ဓါတ်ပုံ- KIA စစ်သင်တန်းတစ်နေရာ။

 

စက်တင်ဘာ၊ ၁၁

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာမှာ ဒီကနေ့ မနက် ၄ နာရီခွဲလောက်ကတည်းက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဟောင်ပါးကျေးရွာက KIA တပ်တွေရှိတဲ့ဘက်ကို စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်တာဖြစ်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေတာလို့ ဖားကန့်ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

” စစ်ကောင်စီက KIA , PDF ဘက်ကို လာပြီးတော့မှ လက်နက်ကြီးတွေနဲ့ ပစ်ပြီး လာတိုက်ခိုက်နေတယ်။ လေးနာရီခွဲလောက်ကတည်းက အခုချိန်ထိပဲ။” ဒေသခံကဆိုပါတယ်။

ဟောင်ပါးကျေးရွာက မြောက်ကျောင်းလို့ခေါ်တဲ့ ဘုန်းကြီးကျောင်းအနီးမှာ တိုက်ပွဲဖြစ်ပွားနေပြီး တာမခန်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ နောက်ထပ် ဖားကန့်ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

“မနက်ကတည်းကနေ ဟောင်ပါးက ဘုန်းကြီးကျောင်း မြောက်ကျောင်းဆိုတဲ့နေရာမှာ ဖြစ်နေတာ။ ဟောင်းပါးရွာသားတွေကို ရွှေ့ခိုင်းထားတယ်တဲ့။ အခု တာမခန်က စစ်တပ်လည်း ပစ်နေတာ။” လို့ဆိုပါတယ်။

ဟောင်ပါးဒေသခံတွေကို ဘေးလွှတ်ရာရွှေ့ဖို့ ပြောဆိုထားပေမဲ့ တိုက်ပွဲဖြစ်ပွားနေလို့ ပြောင်းရွှေ့မရသေးတာကြောင့် ပုန်းခိုနေရတယ်လို့ ကြားသိရကြောင်းလည်း ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့နေရာဟာ KIA တပ်ရင်း ၂၆ နယ်မြေဖြစ်ပြီး KIA ကပဲ လှုပ်ရှားတဲ့ နယ်မြေဖြစ်တာကြောင့် စစ်ကောင်စီဘက်က ဝင်ရောက်တိုက်ခိုက်တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၇ ရက်နေ့ကလည်း နမ့်မှော်-တာမခန်သွားတဲ့လမ်းက စစ်ကောင်စီရဲ့ ကသိုင်းတောင် တပ်စခန်းကို KIA က တိုက်ခိုက်သိမ်းပိုက်တာ ရှိခဲ့ပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here