ဇန်နဝါရီ၊၈
ကချင်ပြည်နယ်၊ ဖားကန့်မြို့ နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာအတွင်း စစ်အင်အားဖြည့်ဖို့လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒီကနေ့ ညနေပိုင်း ၄နာရီခွဲခန့်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDFတို့ကနေ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ကသိုင်းတောင်ကနေ စစ်အင်အား ဖြည့်ဖို့လာတဲ့ စစ်ကောင်စီအင်အား (၅၀)ခန့်ပါစစ်ကြောင်းကို KIA၊KPDFပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများတယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
” စစ်ကောင်စီစစ်သားတွေ သေတဲ့သူများတယ်။ ထိခိုက်တဲ့သူတွေလည်းများတယ်တဲ့။ လက်နက်ပစ္စည်းတွေလည်း အများကြီး ကောက်ရတယ်။”လို့ အထက်ပါအမျိုးသားက ပြောပါတယ်။
စစ်အင်အားဖြည့်ဖို့လာတဲ့ အင်အား(၅၀)ခန့်ပါ စစ်ကောင်စီစစ်ကြောင်းရဲ့ တစ်ဝက်ကျော်ကို တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်ကောင်စီတပ်သားသေဆုံးမှုရှိတယ်လို့ ပြောဆိုနေပေမဲ့ မြစ်ကြီးနားသတင်းဂျာနယ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။
ဒါ့အပြင် ညနေ ၅ နာရီခွဲခန့်မှာလည်း ဝှေခါ ဘောလုံးကွင်းဘက်ကနေ အင်အားဖြည့်ပြီး ဝင်လာတဲ့ စစ်ကောင်စီတပ်အင်အား ၃၀ ခန့်နဲ့လည်း KIA၊KPDFပူးပေါင်းတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့တယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီကနေ့မနက်ပိုင်း ဝှေခါစစ်ကောင်စီရဲကုန်းနဲ့ အနီးနားတွေမှာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခဲ့ပြီး ဂျက်လေယာဉ်နဲ့လည်း ဗုံးလာကြဲခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့က ဖားကန့်မြို့နယ်အတွင်းမှာရှိတဲ့ နန့်တိန်းတပ်စခန်းနဲ့ ဝှေခါ စစ်ကောင်စီတပ်စခန်းကို KIA၊KPDFတို့က သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း နှစ်ဖက်တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာပါ။







