ဖားကန့်ဘက်တက်လာသည့် စစ်ကောင်စီတပ်သားများအား KIA၊PDF ပူးပေါင်းအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်

384

 

အောက်တိုဘာ၊၃၀

မြစ်ကြီးနား-ဖားကန့်လမ်း၊ နန့်တိန်းကျေးရွာကနေ ဖားကန့်ဘက်ကို တက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို မနေ့က ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်းတပ်တွေကနေ မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ သိရပါတယ်။

မနေ့ အောက်တိုဘာလ ၂၉ ရက်နေ့ ညနေပိုင်းက ၅ မိုင်ကျေးရွာ နောက်ကျောမှာ KIA၊KPDFပူးပေါင်းတပ်တို့က မိုင်းနဲ့ သုံးကြိမ် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ KIA နဲ့ နီးစပ်တဲ့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“တောလမ်းက တက်လာတဲ့လမ်းမှာ KIA တပ်ရင်း(၆)၊KPDFပူးပေါင်းတပ်တွေ မိုင်းသုံးလုံး ဖောက်ပေးလိုက်တယ်တဲ့။ အဲဒီမှာ (၇၆)တပ်ရင်းက တပ်ရင်းမှူးစိန်ဝင်းကြည် ထိခိုက်ဒဏ်ရာရခဲ့တယ်တဲ့။သူ့လူနှစ်ယောက်လည်း ထိတယ်တဲ့”လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

အထက်ပါစစ်ကောင်စီစစ်ကြောင်းမှာ စစ်ကောင်စီအင်အား(၇၀)လောက်ပါပြီး ခလရ ၇၆ တပ်ရင်းက တပ်သားတွေ ဖြစ်တယ်လို့ သိရပြီးတော့ တိုက်ခိုက်ခံရပြီးတဲ့နောက် နန့်တိန်းကျေးရွာဘက် တပ်ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က အရာရှိနှစ်ဦးသေပြီး လက်အောက်ငယ်တပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ကြားသိရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုပေမဲ့ မြစ်ကြီးနားသတင်းဂျာနယ်အနေနဲ့ အတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

စစ်ကောင်စီစစ်ကြောင်း တက်လာတဲ့အချိန် ပြည်သူလေးဦးကို ပေါ်တာအဖြစ် ဖမ်းသွားတယ်လို့ ဖားကန့်ဒေသခံ နောက်ထပ် အမျိုးသားတစ်ဦးက ပြောပါတယ်။

“ပြည်သူလေးဦးကို စစ်ဝတ်စုံဝတ်ခိုင်းပြီး ပေါ်တာအဖြစ် ခေါ်သွားတယ်လို့ သတင်းကြားတယ်။”လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

မြစ်ကြီးနား-ဖားကန့်လမ်းပေါ်က ကျေးရွာတွေမှာ စစ်ကောင်စီနဲ့ KIA တို့ မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားလေ့ရှိပြီး အောက်တိုဘာ ၂၅ ရက်နေ့ကလည်း လုံးခင်းကျေးရွာအုပ်စု၊ နမ့်မဖြစ်ကျေးရွာမှာရှိတဲ့ မြန်မာသူရ ကျောက်မျက်ကုမ္ပဏီဝင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို KIA နဲ့ KPDFပူးပေါင်းတပ်တို့ သွားရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here