ဖားကန့်ကျောက်စိမ်းတွင်း ဒေသအတွင်း ငွေတောင်းခံသူများအား KIA၊PDF ပူးပေါင်းအဖွဲ့မှ ဖမ်းဆီး

355

 

နိုဝင်ဘာ၊၁၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့က မှော်စီစာကျေးရွာနဲ့ ဆိုင်းတောင်ကျေးရွာ/ရပ်ကွက်မှာ ဒီကနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့KPDFတို့ ပူးပေါင်းပြီး ခြိမ်းခြောက်ငွေလိမ် ဓားပြတိုက်တဲ့ အဖွဲ့တွေကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

မှော်ဆီစာကျေးရွာနဲ့ ဆိုင်းတောင်ကျေးရွာ/ရပ်ကွက်မှာ ဓားပြတိုက်တဲ့သူ ၂၀ ကျော်ကို KIA၊KPDFတွေ သွားရောက်ဖမ်းဆီးခဲ့တယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ရှင်းရင် ဟိုတယ် အခန်း ၃၀၉ မှာ ငှားနေတဲ့ ဓားပြခေါင်းဆောင်နဲ့အတူ KTV မှာ ပျော်နေတဲ့ အယောက်နှစ်ဆယ်ကျော်ကို တာဝန်ရှိတဲ့သူတွေ ဖမ်းသွားကြတယ်”လို့ ဒေသခံကဆိုပါတယ်။

ဖမ်းဆီးခဲ့တဲ့သူတွေဟာ ဖားကန့်မြို့အတွင်း ဆိုင်တွေမှာ ဖုန်းဆက်ခြိမ်းခြောက် ၊သတိပေးစာတွေပေးပြီး ငွေလိမ်တောင်းတဲ့သူတွေ ဖြစ်တယ်လို့လည်း ဖားကန့်ဒေသခံနောက်ထပ်အမျိုးသားတစ်ဦးက ပြောပါတယ်။

အထက်ပါကိစ္စနဲ့ပတ်သက်ပြီး ဖားကန့်အခြေစိုက် KIA တပ်ရင်း ၆ က တာဝန်ရှိသူတွေဆီ ဆက်သွယ်နေပေမဲ့ အဆက်အသွယ်တော့ မရရှိသေးပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာလ အတွင်းကလည်း KIA တပ်ရဲ့ မြို့နယ် ရံပုံငွေရှာဖွေရေးအဖွဲ့ကဆိုပြီး စစ်ကောင်စီတပ်က စာတွေဖြန့်၊ ငွေကြေးတောင်းခိုင်းတဲ့ အမျိုးသားတစ်ဦးကို KIA တပ်ရင်း(၆)က ဖမ်းဆီးခဲ့ပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသအတွင်း (KIA) ရန်ပုံငွေရှာဖွေရေးအဖွဲ့က ဆိုပြီး ရွှေပန်းတိမ်နဲ့ ရွှေထည်ရောင်းဝယ်ရေးလုပ်ငန်းရှင်တွေမှာ စာတွေလိုက်ဖြန့်ပြီး ငွေကြေး တောင်းခံမှုတွေ ပြုလုပ်ခဲ့တာပါ။

ဒါ့အပြင် အများပြည်သူ လက်ခံထားတဲ့ အဖွဲ့အစည်းက ဗိုလ်မှူးလွင်ကိုကိုအောင်လို့ဆိုပြီး ဖားကန့်မြို့က ဆိုင်တွေမှာ ဖုန်းဆက် ခြိမ်းခြောက်ပြီး ငွေကြေးတောင်းတာတွေ ပြုလုပ်ခဲ့ပါတယ်။

ဩဂုတ်လအတွင်းကလည်း ဖားကန့်မြို့က ဆိုင်တွေမှာ ဖုန်းဆက်ခြိမ်းခြောက်၊ ခြိမ်းခြောက်စာတွေ ပို့ပြီး ငွေတောင်းတာတွေ ပြုလုပ်ခဲ့တဲ့ ပျူစောထီးခေါင်းဆောင် ဗိုလ်စောမောင်ကို KPDF က ဖမ်းဆီးခဲ့ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here