အင်ဂျန်းယန်မြို့တွင် လာမယ့်ပညာသင်နှစ်ကစပြီး KIO ပညာရေးစနစ်နဲ့ စတင်မယ်

239

 

ဇန်နဝါရီ၊၁၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်မှာ လာမယ့်ပညာသင်နှစ်ကစပြီး ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO) ပညာရေးစနစ်နဲ့ စတင်တော့မယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အင်ဂျန်းယန်မြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းနှစ်ခုနဲ့ ရဲစခန်းမှာ တာဝန်ထမ်းဆောင်နေသူအားလုံး ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့က တပ်စခန်းတွေကနေ ထွက်ခွာသွားကြပြီးနောက် ကျောင်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာ/မတွေပါ ပြန်သွားကြတဲ့အတွက် အင်ဂျန်းယန် အထကကျောင်း၊ အင်လော့ဒ်ယန်ရွာ (Nlawk Yang) မူလွန်ကျောင်း၊ အင်ဂရန့်ကောင့်ရွာ(Ngreng kawng)မူလွန်ကျောင်းတို့ တစ်လကြာပိတ်ထားလိုက်ရတာ ဖြစ်ပါတယ်။

တာဝန်ကျ ဆရာ/မတွေ ပြန်သွားတဲ့အတွက် ကလေးတွေရဲ့ ၂၀၂၃-၂၄ခုနှစ် ပညာသင်ကာလဟာ ရပ်နားရတော့မယ့် အခြေအနေနဲ့ ကြုံခဲ့ရပြီး လပိုင်းသာကျန်ရှိတော့တဲ့ ပညာသင်နှစ်အတွက် အထက်ပါ ကျောင်းတွေ ပြန်ဖွင့်နိုင်ဖို့အရေး အင်ဂျန်းယန်မြို့နယ်အတွင်းက သက်ဆိုင်ရာ အသင်းတော်တာဝန်ရှိသူတွေနဲ့ ရွာအတွင်းက တာဝန်ရှိသူတွေဟာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ဆီ သွားရောက်ပြီး တိုင်ပင်ညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို ညှိနှိုင်းမှုတွေအပြီး အခုနှစ် စာသင်နှစ်ကုန်ဆုံးတဲ့အထိတော့ မူလသင်ကြားပေးနေတဲ့ ဆရာ/မတွေနဲ့ ဆက်လက်သင်ကြားသွားဖို့နဲ့ ၂၀၂၄-၂၅ ပညာသင်နှစ်ကိုတော့ KIO ပညာရေးစနစ်နဲ့ စတင်တော့မှာ ဖြစ်တယ်လို့ အင်ဂျန်းယန်ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“ကလေးတွေ မြို့ကျောင်းတွေမှာ ကျောင်းပြောင်းမယ်ဆိုရင် KIO အစိုးရကဆိုရင် စာမေးပွဲ ပြန်ဖြေရမှာတို့ရှိတယ်။ ဆိုတော့ အစိုးရကျောင်းအနေနဲ့ ဆက်ရှိနေပြီး ၂၀၂၄-၂၅ ခုနှစ် ပညာသင်ကာလကနေ KIO အစိုးရကျောင်း ဖြစ်တော့မယ်။ KIO ဘက်က ခန့်ထားတဲ့ ဆရာ/မတွေ သင်မှာပေါ့” လို့ ဒေသခံက ဆိုပါတယ်။

အထက်ပါ ကျောင်းသုံးကျောင်းကို တစ်လအကြာပိတ်ထားရာကနေ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့ကနေ ပြန်လည်ဖွင့်လှစ်နေပြီ ဖြစ်ပေမဲ့ ဆရာ/မတွေ ငါးဦးလောက်ကတော့ လက်ရှိအချိန်အထိ ပြန်လည်ရောက်ရှိလာခြင်း မရှိသေးတဲ့အတွက် မိဘခန့်တွေနဲ့ပေါင်းပြီး ကလေးတွေကို စာသင်ကြားပေးနေတယ်လို့လည်း ကြားသိရပါတယ်။

၂၀၂၃-၂၄ခုနှစ် ပညာသင်ကာလအတွက် ကျောင်းသားမိဘတွေကနေ နဂိုမူလအတိုင်း ဆက်လက်သင်ကြားပေးဖို့ တင်ပြလာပေမဲ့ KIOထိန်းချုပ်မှုအောက်မှာ ရှိနေပြီလို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA)သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

“အင်ဂျန်းယန်ကျောင်းနဲ့ ပတ်သက်ပြီး ကျောင်းသားမိဘတွေရဲ့ တင်ပြလာတာကတော့ ဒီနှစ်ပညာသင်နှစ်ကို နဂိုအတိုင်းပဲ ဆက်သင်ပေးဖို့ ပြောလာတာရှိတယ်။ ဒါပေမဲ့ KIO ထိန်းချုပ်တာပါ။ ကျောင်းလည်း KIO ကျောင်းဟုတ်ပြီ”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ကျောင်းသူ/သား စုစုပေါင်း ၃၀၀ လောက်ရှိတဲ့ အထက်ပါကျောင်းသုံးကျောင်းမှာ သင်ကြားပေးမယ့် ဆရာ/မတွေ ပြန်သွားတဲ့အတွက် နိုဝင်ဘာလ ၂၀ ကျော်လောက်ကနေ ပိတ်ထားလိုက်ရတာဖြစ်ပြီး တစ်လအကြာမှာ ပြန်လည်ဖွင့်လှစ်တာလည်း ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here