အောက်တိုဘာ၊၂၅
တိုက်ပွဲတွေနဲ့ စစ်ရေးအခြေအနေတွေ အဆုံးသတ်လှပနိုင်ဖို့ဟာ နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးတိုင်ပင်ခြင်းဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA)ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဒီကနေ့ကျရောက်တဲ့ ၆၅ နှစ်ပြည့် ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO)နေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံအတွင်း ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတာကို တွေ့မြင်ရတာကြောင့် စိုးရိမ်မှုဖြစ်နေကြောင်း ဆိုပါတယ်။
“ဘာကြောင့်ဆိုရင် အခုရွေးကောက်ပွဲကို ထောက်ခံတဲ့ အဖွဲ့နဲ့ ဆန့်ကျင်တဲ့အဖွဲ့ဆိုပြီး အဖွဲ့ကြီးနှစ်ဖွဲ့ အထင်းသား ပေါ်ထွက်လာတော့မှာ ဖြစ်တယ်။ ဒီအဖွဲ့နှစ်ဖွဲ့ဟာ အလွယ်တကူ ဆွေးနွေးဖို့ ခဲယဉ်းလာတော့မယ်။ ပြည်တွင်းစစ်လည်း အချိန်ပိုကြာမြင့်လာမယ်။ ဆွေးနွေးတိုင်ပင်ဖို့ ခဲယှဉ်းသွားမှာကို အရမ်းစိုးရိမ်တယ်“လို့ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောပါတယ်။
KIO အနေနဲ့လည်း အခုလိုနိုင်ငံရေးအပြောင်းအလဲအတွင်း တစ်နိုင်ငံလုံးနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေအားလုံး ငြိမ်းချမ်းမှု ရရှိဖို့အတွက် မရပ်မနား တွေးတောအဖြေရှာနေကြောင်းလည်း ထည့်သွင်းပြောကြားထားတာပါ။
လက်ရှိ စစ်ကော်မရှင် အုပ်ချုပ်မှုအောက်မှာ နေထိုင်နေတဲ့ ပြည်သူတွေအနေနဲ့ကတော့ ကြိုက်သည်ဖြစ်စေ၊ ဆန့်ကျင်လိုသည်ဖြစ်စေ ရွေးကောက်ပွဲမှာ မဖြစ်မနေ ပါဝင်တော့ရမှာဖြစ်ပြီး တစ်ယောက်ချင်းစီရဲ့ ပါဝင်မှုဟာ တစ်နိုင်ငံလုံးနဲ့ ပြည်ထောင်စုတွင်း အတူယှဉ်တွဲနေထိုင်တဲ့ တိုင်းရင်းသားတွေရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးခြင်းဖြစ်တာကို သတိရကြဖို့နဲ့ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းကြဖို့ တိုက်တွန်းပြောဆိုထားပါတယ်။
KIO အနေနဲ့လည်း အရင်တည်းက အတူယှဉ်နေထိုင်လာကြတဲ့ ဌာနေတိုင်းရင်းသားတွေကို စည်းရုံးနေထိုင်ကြဖို့အပြင် အတူတကွ မျှမျှတတ နေထိုင်သွားကြမယ့်အကြောင်းကို ပြောပြကြဖို့၊ အတူနေထိုင်လာကြတဲ့ ဌာနေတိုင်းရင်းသားတွေဟာ ဆွေးမျိုးတွေသာဖြစ်ကြောင်း ရန်သူမဟုတ်ကြောင်း ပြောပြကြဖို့နဲ့ ဌာနေတိုင်းရင်းသားတွေ အမည်တပ်ကာ လက်နက်ပေးကိုင်နေတဲ့လုပ်ရပ်ဟာ အချင်းချင်းကြား သွေးခွဲနေခြင်းသာဖြစ်ကြောင်း ပြောပြကြဖို့၊ ပြည်သူ့ အင်အားကို တော်လှန်ရေးအင်အားကြီးအဖြစ် အမြဲဦးဆောင်ကြိုးစားကြဖို့ကိုလည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။
KIO အနေနဲ့ နိုင်ငံရေးနဲ့ စစ်ပွဲ နှစ်ခုစလုံးကို အညီအမျှ (Balance) ဖြစ်အောင်လုပ်ပြီး ငြိမ်းချမ်းရေးရရှိအောင် လုပ်ဆောင်နေတဲ့ အချိန်ဖြစ်နေပြီး အောင်မြင်အောင် ကြိုးစားလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။







