နိုင်ငံအရေးအရာများကို ဆွေးနွေးအဖြေရှာမည့် သဘောထား မပါရှိသည့်အတွက် စစ်ကောင်စီခေါင်းဆောင် ဖိတ်ခေါ်သည့် ဆွေးနွေးပွဲ KIO တက်ရောက်မည်မဟုတ်

1159
KIA Women Soldiers

မေ၊၅

စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးရန် ဖိတ်ကြားမှုနှင့် ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO) အနေဖြင့် ပါဝင်သင့်သူ အားလုံး ပါဝင်ပြီး တန်းတူဆွေးနွေးနိုင်မည့် အချိန်ရောက်မှသာ ပါဝင်ဆွေးနွေးမည် ဖြစ်ကြောင်း ယနေ့ မေလ(၅)ရက်နေ့က ထုတ်ပြန်လိုက်သည်။

KIOအနေဖြင့် မေလ(၂)ရက်နေ့ ရက်စွဲဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးရန် စာကို လက်ခံရရှိပြီး ဖိတ်ခေါ်ချက်တွင် ပါဝင်သင့်သူအားလုံးကို ဖိတ်ခေါ်ခြင်း မရှိကြောင်း တွေ့ရပြီး နိုင်ငံရေး အရေးအရာများကို ဆွေးနွေးအဖြေရှာမည်ဟူသော သဘောထား မပါရှိသည်ကို တွေ့ရကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။

ဖိတ်ခေါ်မှုနှင့် ပတ်သက်ပြီး စစ်မှန်သည့် နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်ပါက ၎င်းတို့အနေဖြင့် တက်ရောက်ရန် ရှိသော်လည်း လက်ရှိ ဖိတ်ခေါ်ဆွေးနွေးပွဲတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွင်က\ိုသာ ရွေးချယ် ဖိတ်ခေါ်ခြင်းမျိုး ဖြစ်နေသောကြောင့် တက်ရောက်မည် မဟုတ်ကြောင်း KIA/KIOပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်သို့ပြောသည်။

စစ်မှန်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပမယ်ဆိုရင်တော့ နောက်ဆက်တွဲ အကြောင်းကတော့ မရှိပါဘူး။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး မကျင်းပဘူးဆိုရင် နောက်ဆက်ပြသနာတွေ ဖြစ်ပေါ်လာနိုင်တယ်။ နိုင်ငံရေးကိစ္စဆွေးနွေးမယ် ဆိုရင်တော့ ပါသင့် ပါထိုက်တဲ့ ပုဂ္ဂိုလ်တွေပါမှ ဖြစ်မယ်လို့ ထင်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ထဲကကိုမှ ခေါင်းဆောင်တွေကိုပဲ ရွေးပြီးမှ ခေါ်တာဆိုတော့ စဉ်းစားစရာတွေ ဖြစ်လာတာ ဖြစ်ပါတယ်။ KIOအနေနဲ့လည်း ဆွေးနွေးဖို့ ဆိုတာကို လက်ခံပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ် စစ်မှန်တဲ့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေး ဋိပက္ခတွေကို ဖြေရှင်းနိုင်တဲ့ ဆွေးနွေးပွဲ ဆိုရင် တက်ဖို့ ဖြစ်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခဖြေရှင်းဖို့ ဆိုတာကတော့ နိုင်ငံရေးနဲ့တော့ ပတ်သက်မှု မရှိပါဘူး။ အဲဒါကြောင့် မတက်ရခြင်း ဖြစ်ပါတယ်။” ဟု ဗိုလ်မှုကြီး နော်ဘူက ဆိုသည်။

ယင်းအပြင် ပါဝင်သင့်သူအားလုံး ပါဝင်နိုင်ပြီး နိုင်ငံရေး အရာများကို တန်းတူဆွေးနွေးနိုင်မည့် အချိန်အခါ၊ အခင်းအကျင်းရောက်ရှိမှသာ ပါဝင်ဆွေးနွေးမည် ဖြစ်ကြောင်း KIOဗဟိုကော်မတီမှ ထုတ်ပြန်ကြေညာထားသည်။

စစ်ကောင်စီခေါင်းဆောင်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ကိုယ်တိုင်တွေ့ဆုံသွားမည် ဖြစ်ပြီး တွေ့ဆုံလိုသည့် အဖွဲ့များအနေဖြင့် မေလ(၉)ရက်နေ့ နောက်ဆုံးထား စာရင်းပေးကြရန် ဧပြီလ(၂၂)ရက်နေ့က ဖိတ်ခေါ်ထားခြင်း ဖြစ်သည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here