ဖေဖော်ဝါရီ၊ ၂
ဝိုင်းမော်-လိုင်ဇာလမ်းပေါ်က ကဇူးယန်ကျေးရွာအနီးမှာ မလိကျေးရွာဘက် ရိက္ခာသွားပို့တဲ့ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတာ်(KIA) တို့ ဒီကနေ့မနက် ၁၁ နာရီအချိန်လောက်ကစပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။
ဆမာလမ်းခွဲအနီးမှာစခန်းချထားတဲ့ စစ်ကောင်စီတပ်တွေကနေ မလိကျေးရွာမှာရှိတဲ့ စစ်သားတွေအတွက် ရိက္ခာသွားပို့တဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကာကွယ်ရင်း ဆမာလမ်းခွဲအနီးတစ်ဝိုက်မှာ KIA နဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်နေကြတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“သူတို့ ဆမာလမ်းခွဲဘက် သွားကြတာဖြစ်မယ်။ သူတို့မလိဘက်ရိက္ခာသွားပို့ချင်လို့ ဖြတ်လာတဲ့အချိန် ဆမာလမ်းခွဲမရောက်သေးတဲ့ နေရာမှာ ပစ်နေကြတာ ဟုတ်တယ်။”လို့ ဒေသခံက ဆိုပါတယ်။
အဲဒီကျေးရွာမှာ လွန်ခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့ကစပြီး နေ့စဉ်ဆိုသလို တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး ရွာထဲက ဒေသခံတွေရဲ့ နေအိမ်ခြံဝင်းတွေအထိ လက်နက်ကျည်တွေ၊ ဗုံးစတွေ ကျရောက်နေတဲ့အတွက် နေအိမ်ကနေ ပြောင်းရွှေ့နေကြရတယ်လို့ သိရပါတယ်။
အခုလိုတိုက်ပွဲပြင်းထန်နေပေမဲ့ နောက်ထပ်တစ်ကြိမ်ရွာကို စွန့်ခွာမသွားချင်တဲ့အတွက် ရွာသားတွေ ထိခိုက်ဒဏ်ရာ မရခင်အထိတော့ သည်းခံပြီး နေထိုင်နေကြတာဖြစ်တယ်လို့ ဒေသခံကဆက်လက် ပြောပါတယ်။
“ပြောရမယ်ဆိုရင် ကဇူးက ဆက်ပြီးနေလို့ကို မရတော့ဘူး။ ဒါပေမဲ့ ကျုပ်တို့က စိတ်အားတင်းပြီး နေနေကြတာဖြစ်တယ်။ လူကြီးတွေ ဘယ်လိုစီစဉ်ကြမလဲမသိဘူး။” လို့ ဆိုပါတယ်။
ကဇူးယန်စစ်တပ်စခန်း အနီးတစ်ဝိုက်က အိမ်ခြေ ၁၀၀ မှာ နေထိုင်တဲ့ ဒေသခံတွေဟာ ဆမားဇုန်နယ်ရုံးမှာ သွားရောက် ခိုလှုံနေကြပြီး လတ်တလောမှာ လုံခြုံနေတယ်လို့ သိရပါတယ်။
ဒါပေမဲ့ စစ်ကောင်စီစစ်ကြောင်း ထပ်မံရောက်ရှိလာမှာနဲ့ လေယာဉ်လာမှာကိုတော့ ဒေသခံတွေဟာ စိုးရိမ်နေကြဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ကဇူးယန်ဒေသခံတွေဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတို့ ၂၀၁၁ ခုနှစ်က တစ်ကျော့ပြန်စစ်ပွဲတွေ ဖြစ်ပွားတဲ့အချိန် ၁၀ နှစ်ကျော်ကြာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာဖြစ်ပြီး ၂၀၂၃ ခုနှစ် မတ်လပိုင်းကမှ နေရပ်ကို ပြန်လည်နေထိုင်နေကြတာ ဖြစ်ပါတယ်။
အထက်ပါကျေးရွာဟာ ဝိုင်းမော်-လိုင်ဇာလမ်းပေါ်မှာ တည်ရှိတာဖြစ်ပြီး အဲဒီလမ်းတစ်လျောက်က ကျေးရွာတွေကတော့ ဝိုင်းမော်-ခါးရှိ-အင်းလေး-အောင်မြေ ၁- အောင်မြေ-၂ ရွှေညောင်ပင်- ဂါးရာယန်-ကဇူးယန်-ဒဘတ်ယန်- ဂျာပူ- ကန်တော်ယန်- နန်ဆန်ယန် ကျေးရွာတွေ ဖြစ်ပြီးတော့ KIO လိုင်ဇာဌာနချုပ်ကတော့ နန်ဆန်ယန်ကျေးရွာ အနီးမှာ တည်ရှိတာဖြစ်ပါတယ်။







