ဇန်နဝါရီ ၊၂၂
ဝိုင်းမော်- လိုင်ဇာလမ်းပေါ်က နေရပ်ပြန်ကျေးရွာဖြစ်တဲ့ ကဇူးယန်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းက တပ်သားတွေနဲ့ ဆမားလမ်းခွဲဘက်က KIA တပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံတွေ တိမ်းရှောင်နေကြရတယ်လို့ ကဇူးယန်ဒေသခံတွေဆီကနေ သိရပါတယ်။
နှစ်ဖက်တပ် အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် စစ်စခန်းအနီးက ကဇူးယန်ကျေးရွာနဲ့ ဒဘတ်ယန်ကျေးရွာတွေက ဒေသခံတွေရဲ့ နေအိမ်တွေမှာ လက်နက်ကျည်တွေ ကျရောက်ခဲ့ပြီး ဒေသခံတွေ ဘေးလွတ်ရာဘက် တိမ်းရှောင်နေကြရတယ်လို့ ကဇူးယန်ဒေသခံတစ်ဦးက ပြောပါတယ်။
” နေ့တိုင်းဖြစ်နေတာ။ ညဆိုလည်းည လက်နက်ကြီးပစ်တယ်။ ကျွန်မတို့ အခုရွာအောက်ဘက်ပိုင်းက ဆမားဇုန်နယ်ရုံးရှိတဲ့ဘက် တိမ်းရှောင်နေရတယ်။”လို့ ဒေသခံက ဆိုပါတယ်။
တိုက်ပွဲဟာ လွန်ခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့ကတည်းကနေ ဒီကနေ့ ဇန်နဝါရီလ ၂၂ ရက်အထိ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်စခန်းကနေ ဆမားလမ်းခွဲဘက်ကို ဒရုန်းတွေ၊ လက်နက်ကြီး/ငယ်နဲ့ ပစ်ခတ်နေတာဖြစ်တယ်လို့ သိရပါတယ်။
အထက်ပါကျေးရွာတွေမှာ ဇန်နဝါရီလ ၁၉ ရက်နေ့ကတည်းက ကျောင်းတွေ ပိတ်ထားရပြီး တချို့ဒေသခံတွေက စစ်တပ်စခန်းနဲ့ ဝေးတဲ့ ဘေးလွတ်ရာဘက်ကို တိမ်းရှောင်နေကြပြီးတော့ တချို့က မြို့ဘက်ကို တိမ်းရှောင်သွားကြတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။
“နေ့လယ်နေ့ခင်းတွေမှာတော့ ခဏတဖြုတ်ရွာထဲက အိမ်တွေကို ပြန်လာကြတယ်။ ပြန်မြည်(သေနတ်သံ) တဲ့အချိန်နဲ့ ညအချိန်တွေဆိုရင် ဂါးရာယန်က ဘုရားကျောင်းမှာ သွားအိပ်တာမျိုးတွေ လုပ်ကြတယ်။”လို့ ဆိုပါတယ်။
စစ်တပ်စခန်းကို ရိက္ခာဝင်ပြီး နောက်တစ်နေ့ကစလို့ အခုလိုတိုက်ပွဲတွေ ဖြစ်ပွားလာတာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရရှိသူတွေရှိတာကြောင့် ဆေးကုသမှုတွေလည်း ပြုလုပ်ခဲ့ကြရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လွန်ခဲ့တဲ့အပတ်က ကဇူးယန်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို အသစ်ထပ်မံရောက်ရှိလာတဲ့ အင်းအား ၁၀၀ လောက်ရှိတဲ့ စစ်ကြောင်းဟာ ဆမာလမ်းခွဲဘက်နဲ့ ဆမ်ပိုင်ဘက်ကို စစ်ကြောင်းထိုးနေခဲ့ပေမဲ့ အဆင်မပြေတာကြောင့် ကဇူးယန်ဘက်မှာပဲ စခန်းချနေထိုင်နေတာ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက ဆမာလမ်းခွဲဘက်မှာ ကချင်လွတ်လပ်ရေး(KIA) က စခန်းချနေကြပြီဖြစ်တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့တွေဟာ အဲဒီဘက်ကို ပစ်ခတ်မှုတွေ ပြုလုပ်နေကြတာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းတွေဟာ မနှစ် ဇူလိုင်လ ၃ ရက်နေ့ကတည်းက နန်ဆန်ယန်ကျေးရွာကို စစ်ကြောင်းထိုးတဲ့အတွက် KIA ကနေ ကြားဖြတ်တိုက်ခိုက်နေတာဖြစ်ပြီး နန်ဆန်ယန်ကျေးရွာသားတွေလည်း ရွာကို ပြန်လည်စွန့်ခွာထွက်ပြေးနေကြရပါတယ်။
ဂါးရာယန်ကျေးရွာ၊ ကဇူးယန်ကျေးရွာနဲ့ ဒဘတ်ယန်ကျေးရွာသားတွေဟာ ၂၀၁၁ ခုနှစ်က စစ်ကောင်စီနဲ့ KIA တို့ရဲ့ တစ်ကျော့ပြန်တိုက်ပွဲတွေကြောင့် မြို့ပေါ်ကို ၁၀ နှစ်ကျော်ကြာ စစ်ရှောင်ခဲ့ကြပြီး မနှစ်ကပဲ တရားဝင်နေရပ်ပြန်ခွင့်နဲ့ ပြန်လာကြတဲ့သူတွေ ဖြစ်ပါတယ်။
အထက်ပါကျေးရွာတွေဟာ ဝိုင်းမော် -လိုင်ဇာလမ်းပေါ်မှာ တည်ရှိတာဖြစ်ပြီး အဲဒီလမ်းတစ်လျောက်က ကျေးရွာတွေကတော့ ဝိုင်းမော်-ခါးရှိ-အင်းလေး-အောင်မြေ ၁- အောင်မြေ-၂ ရွှေညောင်ပင်- ဂါးရာယန်-ကဇူးယန်-ဒဘတ်ယန်- ဂျာပူ- ကန်တော်ယန်- နန်ဆန်ယန် ကျေးရွာတွေ ဖြစ်ပြီးတော့ KIO လိုင်ဇာဌာနချုပ်ကတော့ နန်ဆန်ယန်ကျေးရွာ အနီးမှာ တည်ရှိတာ ဖြစ်ပါတယ်။







