နိုဝင်ဘာ၊၂၇
နမ္မတီး-လဝါးလမ်းပေါ်က မရန်ကထောင် စစ်ကောင်စီဂိတ်စခန်းမှာ ပစ်ခတ်သံတွေ ကြားရပြီးတဲ့နောက် မရန်ကထောင်ကျေးရွာအတွင်းက လူကြီး ၅ ဦးကို စစ်ကောင်စီကနေ ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိအချိန်အထိ ပြန်လွှတ်ပေးတာ မရှိသေးဘူးလို့ သိရပါတယ်။
ဒေသခံပြည်သူတစ်ဦးရဲ့ ပြောပြချက်အရ နိုဝင်ဘာလ ၂၅ ရက်နေ့ မနက် ၈ နာရီလောက်က ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ကနေ မရန်ကထောင် စစ်ကောင်စီဂိတ်ကို သွားရောက်ပစ်ခတ်ပြီးတဲ့နောက် အထက်ပါ ဂိတ်စခန်းအပြင် မိုးကောင်းဗျူဟာကုန်းကနေပါ လက်နက်ကြီး ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ပစ်ခတ်မှုကြောင့် ရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှု ရှိခဲ့ပြီး နေအိမ်ပျက်စီးမှု ရှိခဲ့တဲ့အပြင် အသင်းတော်ဆရာမတစ်ဦးနဲ့ အသက် ၈ နှစ်အရွယ် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
“ရွာအလယ်က အသင်းတော်ဆရာမတစ်ဦး အိမ်ရှေ့မှာ ဗုံးကျရောက်ပေါက်ကွဲတယ်။ အိမ်ထရံတွေရော ထိတယ်။ ဆရာမရဲ့ လက်နည်းနည်းထိသွားတယ်။ “လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
အဲဒီလို စစ်ကောင်စီတပ်ကနေ ပစ်ခတ်မှုအပြီး နိုဝင်ဘာလ ၂၅ ရက်နေ့ ညနေပိုင်း ၃နာရီလောက်မှာပဲ မရန်ကထောင်ရွာအတွင်းက အသက် ၄၀ ကနေ ၆၀အရွယ်ရှိတဲ့ ရပ်ရွာဆိုင်ရာ လူကြီး ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပြီးတော့ ဘယ်လိုအကြောင်းကြောင့် ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ မသိရဘူးလို့လည်း ပြောပါတယ်။
“ခုခေါ်သွားတဲ့ သူတွေရဲ့ အိမ်တွေမှာက ကလေးတွေအများကြီး ရှိတဲ့ အိမ်တွေက ဟုတ်တယ်။ ခုကမိုးကောင်းဘက်က တပ်မှာ ဖမ်းထားတယ်လို့ ပြောတယ်”လို့ အထက်ပါ ဒေသခံရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒါ့အပြင် နိုဝင်ဘာလ ၂၅ ရက်နေ့က စစ်ကောင်စီက ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်ပြီး ရဲတပ်သားတစ်ဦး သေဆုံးတယ်လို့ ပြောဆိုနေကြပေမဲ့ မြစ်ကြီးနားသတင်းဂျာနယ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။
ပုံဟောင်းအသုံးပြုထားပါသည်။