အောက်တိုဘာ၊၃၁
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)လိုင်ဇာဌာနချုပ်အနီး စစ်ကောင်စီတပ်ကနေ ဂျက်ဖိုက်တာ လေးစင်းနဲ့ သုံးကြိမ်ထက်မနည်း ဒီကနေ့ မွန်းလွဲ(၂) နာရီကျော်လောက်မှာ လာရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
လိုင်ဇာမြို့တွင်း တစ်နေရာ၊ အလန့်ဘွမ်(a len bum)ဘက် နှစ်ကြိမ်နဲ့ လိုင်စင်တောင်ဘက်မှာပါ ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ လိုင်ဇာမြို့ခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“လေယာဉ် ဂျက်ဖိုက်တာ လေးစင်းနဲ့ဟုတ်တယ်။ တစ်စီးပြီးတစ်စီး လာပစ်တာ။ လိုင်စင်ဘက်ရော ပစ်သွားတယ်။ လူထိခိုက်မှု မသိရှိရဘူး”လို့ ဒေသခံက ဆိုပါတယ်။
ဒီကနေ့မနက် ၈ နာရီလောက်မှာ KIA ကနေ မြစ်ကြီးနား-လိုင်ဇာလမ်း၊ ကန်တော်ယန်ကျေးရွာက စစ်ကောင်စီတပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်အပြီး မွန်းလွဲ(၂)နာရီကျော်လောက်မှာတော့ စစ်ကောင်စီဘက်ကနေ အခုလို လေယာဉ်နဲ့ လာရောက်ပစ်ခတ်မှု ရှိခဲ့တာပါ။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့ကလည်း လိုင်ဇာမြို့နဲ့ ၂ မိုင်လောက်ဝေးတဲ့ မုန်လိုင်ခက် စစ်ရှောင်စခန်းအတွင်း ပြင်းအားကြီး လက်နက် ကျရောက်ပေါက်ကွဲမှုကြောင့် စစ်ရှောင်ပြည်သူ ၂၉ ဦးအသက်သေဆုံးခဲ့ရပြီး ၅၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။







