စစ်ကောင်စီက ရမ်းဗြဲမြို့ကို ဓာတုဗုံးအပြင် ပေါက်ကွဲအားပိုပြင်းတဲ့ ဗုံးအသစ်တစ်မျိုးနဲ့ တိုက်ခိုက်

188
ဓာတ်ပုံ - ၂၀၁၉ ခုနှစ်က စစ်ကောင်စီ၏ လေတပ်နှင့် ကြည်းတပ်တို့ ပူးပေါင်းစစ်‌ရေးလေ့ကျင့်ခဲ့စဉ်။

 

ဖေဖော်ဝါရီ၊ ၂၁

စစ်ကောင်စီဟာ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ကို အရင်နဲ့မတူဘဲ ပေါက်ကွဲအားပိုပြင်းတဲ့ ပေါင် ၅၀၀ ဗုံးမျိုးနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဒီနေ့မနက်အစောပိုင်းမှာ ထုတ်ပြန်ပါတယ်။

မနေ့က ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နေ့လယ်ပိုင်းမှာ တိုက်လေယာဉ်နဲ့ ရမ်းဗြဲမြို့အနီးကို ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အရင်ကြဲချတဲ့ ပေါင် ၅၀၀ ဗုံးတွေနဲ့ မတူဘူးလို့ သိရပါတယ်။

“စစ်ကောင်စီ၏ဖျက်အားပြင်းဗုံးသည် ယခင်ရက်များ၌ကြဲချသော ဗုံးနှင့်မတူဘဲ အသံပိုကျယ်လောင်ခြင်း၊ ပေါက်ကွဲအားပိုပြင်းထန်ခြင်း၊ ပေါက်ကွဲပြီးနောက် မီးခိုးငွေ့များနှင့် ရောသွားသည့် မြေမှုန့်များသည်လည်း မြေပြင်မှ အထက်သို့ ပေ (၁၀၀) ကျော်ခန့်အထိတက်ခဲ့သည်။“လို့လည်း ညီနောင် ၃ ဖွဲ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီဗုံးတွေဟာ ရမ်းဗြဲမြို့မဈေးနဲ့ မြို့မဆေးရုံအနီးဝန်းကျင်နားမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ဈေး၊ ဆေးရုံနဲ့ လူနေအဆောက်အဦတွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်တွေတုန်းကလည်း စစ်ကောင်စီဟာ ရမ်းဗြဲမြို့ကို ဓာတုအဆိပ်ငွေ့ဗုံးနဲ့ ကြဲချမှုတွေ ပြုလုပ်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) ရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ မနေ့က တစ်ရက်တည်းမှာပဲ ရမ်းဗြဲမြို့ကို လေယာဉ်နဲ့ဗုံး ၃ ကြိမ်ကြဲချခဲ့တာကြောင့် အမှတ် (၃) အင်းတောင်ရပ်ကွက်က သီလရှင်ကျောင်း (၁) ဆောင် မီးလောင်ပျက်စီးခဲ့တယ်လို့ ညီနောင် ၃ ဖွဲ့က ထုတ်ပြန်ထားပါတယ်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ကစပြီး AA နဲ့ စစ်ကောင်စီကြားဖြစ်နေတဲ့ တိုက်ပွဲတွေထဲမှာ ရမ်းဗြဲမြို့ဟာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့လေကြောင်းပစ်ခတ်မှုတို့ကြောင့် ရခိုင်ပြည်နယ်မှာ ထိခိုက်ပျက်စီးမှု အများဆုံးမြို့လည်း ဖြစ်နေပါတယ်။

အခုအချိန်မှာတော့ စစ်ကောင်စီဟာ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့မှာရှိတဲ့ တပ်စခန်းတွေကနေ ပြည်သူတွေနေတဲ့နေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့လည်း ညီနောင် ၃ ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here