တိုက်ပွဲဖြစ်ပွားနေတဲ့ တာမခန်ရွာကို စစ်ကောင်စီမီးရှို့နေ

247

 

မတ်၊၃

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဖားကန့်မြို့နယ်၊ဟောင်ပါးကျေးရွာအုပ်စု တာမခန်ကျေးရွာကို စစ်ကောင်စီတပ်တွေကနေ ဒီကနေ့မနက် ၈ နာရီခွဲခန့်ကစပြီး မီးရှို့ဖျက်ဆီးနေကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေကနေ တာမခန့်ကျေးရွာ ရပ်ကွက် (၃)ကနေစပြီးနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေကြတယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ကသိုင်းတောင်က စစ်ကူတွေရောက်တယ်တဲ့။ လမ်းမှာလည်း ပစ်ကြတယ် တာမခန်ရွာမှာလည်း ပစ်ကြတယ်။ တာမခန်ရွာ ရပ်ကွက်()ကနေ မီးစရှို့နေပြီတဲ့လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

တာမခန်ကျေးရွာက စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ပူးပေါင်းတပ်တို့ ဒီမနက် ၇ နာရီခွဲလောက်က တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတာ တစ်ပတ်လောက်ရှိနေပြီ ဖြစ်ပါတယ်။

ကသိုင်းတောင်က စစ်ကောင်စီအင်အား ၈၀ ကျော်ဟာ တာမခန်ကျေးရွာကို စစ်ကူရောက်လာကြပြီး ရွာကို မီးရှို့နေတယ်လို့ နောက်ထပ် ဒေသခံတစ်ဦးရဲ့ ပြောချက်အရ သိရပါတယ်။

တာမခန့်ကျေးရွာဒေသခံတွေဟာ နှစ်ဖက်တိုက်ပွဲ မဖြစ်ပွားခင်ထဲက ဖားကန့်မြို့နဲ့ နီးစပ်ရာနေရာတွေကို စစ်ဘေးတိမ်းရှောင်ခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က တာမခန်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပါတယ်။

တာမခန်ကျေးရွာက စစ်ကောင်စီနယ်မြေရဲစခန်းကိုတော့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အဲဒီနောက် စစ်ကောင်စီရဲ့ လေကြာင်းအပြင်းအထန်ခုခံနေတဲ့ ကြားကနေ စစ်တပ်ကုန်းကို KIA ပူးပေါင်းအဖွဲ့ကနေ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ပြီး အလုံးစုံသိမ်းပိုက်ရရှိတာတော့ မရှိသးပါဘူး။

 

LEAVE A REPLY

Please enter your comment!
Please enter your name here