ဗန်းမော်မှာ သက်လတ်ပိုင်းအရွယ်အမျိုးသား အယောက် ၁၀၀ ခန့်ကို စစ်ကောင်စီ ရှောင်တခင်ဖမ်းဆီး

252

ဇန်နဝါရီ၊ ၂၅

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ သက်လတ်ပိုင်းအရွယ် အရပ်သားပြည်သူ အမျိုးသားအယောက် ၁၀၀ ကျော်ကို အင်အား ၅၀ ကျော်လောက်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီအဖွဲ့တွေဟာ ဒီမနက်ပိုင်းမှာ ဗန်းမော်မြို့တွင်းက လမ်းမပေါ်မှာ သွားလာနေတဲ့ သက်လတ်ပိုင်းအမျိုးသားတွေနဲ့ မနေ့က ဇန်နဝါရီလ ၂၄ ရက်နေ့ညနေ ၅ နာရီဝန်းကျင်လောက်မှာ ကမ်းနားလမ်းဈေးတစ်လျှောက် သွားလာနေကြတဲ့ သက်လတ်ပိုင်းအမျိုးသားတွေ အားလုံးကို ဖမ်းခေါ်သွားကြတာလို့ ဗန်းမော်မြို့ခံတစ်ဦးက ပြောပါတယ်။

“စစ်တပ်က ဘယ်တပ်ကလဲတော့မသိဘူး။ အခုသူတို့ဖမ်းခေါ်သွားတဲ့ သူတွေအားလုံးကို စစ်တပ်စခန်းရှိတဲ့နေရာတွေမှာ တစ်နေရာစီ ခွဲပို့လိုက်ကြတယ်တဲ့။” လို့ ဒေသခံက ဆိုပါတယ်။

ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ သူတွေထဲမှာ လမ်းမှာသွားလာနေကြသူတွေ၊ ဈေးလာဝယ်ကြသူတွေနဲ့ ကမ်းနားမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေအပါ ဗန်းမော်မြို့နဲ့ ဧရာဝတီမြစ် တဖက်ကမ်းက တွေ့သမျှ အမျိုးသားတွေကို ဖမ်းဆီးခေါ်သွားကြတယ်လို့ နောက်ထပ်ဗန်းမော်မြို့ခံ တစ်ဦးက ပြောပါတယ်။

ဆိုင်ကယ်စီးထားတဲ့ သူတွေကိုလည်း ဆိုင်ကယ်နဲ့တစ်ပါတည်း ဖမ်းဆီးပြီး ဆိုင်ကယ်တွေကိုတော့ ဗန်းမော်မြို့ရဲစခန်းမှာ စုထားပြီးတော့ ဖမ်းဆီးခံအမျိုးသားတွေ အားလုံးကို နေရာတစ်နေရာစီ ခွဲပို့ထားကြတယ်လို့ မြို့ခံတွေဆီက ကြားသိရပါတယ်။

လတ်တလောအချိန်အထိ မိသားစုဝင်တွေက သွားရောက်တွေ့ဆုံခွင့် တောင်းတာကိုလည်း လက်ခံတွေ့ဆုံခွင့် မပေးဘဲ ပစ္စည်းနဲ့အဝတ်အထည်တွေကိုတော့ ကြားကလက်ခံယူထားပေးတယ်လို့လည်း မြို့ခံတွေက ဆိုပါတယ်။

ဘယ်အချိန်ပြန်လွတ်မလဲဆိုတာကို စောင့်ကြည့်ရဦးမှာဖြစ်ပြီး ထပ်မံဖမ်းဆီးနေတာတွေကြောင့်လည်း မြို့အတွင်းသွားလာသူတွေ မရှိသလောက်ဖြစ်နေတယ်လို့ ဗန်းမော်မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“ဒီအတောအတွင်း စစ်ဆေးသူတို့သိချင်တာတွေ မေးမြန်းပြီး ပြန်လွှတ်ပေးမလားတော့ မသိဘူး။ မေးမြန်းတာကို စောင့်ကြည့်ရမှာပဲ။ ဒီညနေမှာတောင် ပြန်ဖမ်းမယ်ဆိုလို့ မြို့ထဲမှာ လူတောင်သိပ်မရှိဘူး။”လို့ အထက်ပါဒေသခံက ဆိုပါတယ်။

ရှောင်တခင် ဝင်ဖမ်းတာဖြစ်တဲ့အတွက် လူမျိုးပေါင်းစုံ၊ အသက်အရွယ်မျိုးစုံ ပါသွားတာဖြစ်ပြီး အခုချိန်မှာ နိုင်ငံရေးမတည်ငြိမ်တဲ့ ကာလဖြစ်တဲ့အတွက် ဘယ်လိုအကြောင်းကြောင့် ဖမ်းဆီးတာကို မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့သူတွေကို ရှေ့တန်းထွက်ပြီး စစ်မှုထမ်းခိုင်းမှာ၊ လူသားဒိုင်းကာ လုပ်ခိုင်းမှာတွေကို စိုးရိမ်နေကြရတယ်လို့ ဖမ်းဆီးခံရသူရဲ့ မိသားစုဝင်နဲ့ နီးစပ်သူတွေဆီက ကြားသိရပါတယ်။

လတ်တလောမှာ ဗန်းမော်မြို့နဲ့ မန်ဂျယ်ဒေသခံတွေဟာ မြို့သိမ်းတိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်တာကြောင့် အရေးကြီးစာရွက်စာတမ်းတွေနဲ တစ်နိုင်တစ်ပိုင်ပစ္စည်းတွေကို သိမ်းဆည်းနေကြရတယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီကနေ ည ၆ နာရီကနေ မနက် ၆ နာရီအထိ အပြင်မထွက်ရ အမိန့်ထုတ်ထားပြီး လမ်းဘေးကဈေးဆိုင်တွေကိုလည်း ဈေးရောင်းခွင့်မပြုထားဘူးလို့လည်း သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here