စစ်ကောင်စီစစ်ကြောင်းမှ ကာမိုင်းဒေသခံအချို့ကို ဖမ်းဆီးခေါ်ဆောင်

211

 

ဩဂုတ်၊၂၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့က ဒေသခံအချို့ကို စစ်ကောင်စီစစ်ကြောင်းတစ်ခုကနေ ဒီကနေ့မနက် ၂နာရီလောက်က စစ်ကြောင်းနဲ့အတူ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ကာမိုင်းဒေသခံတစ်ဦးရဲ့ ပြောပြချက်အရအဲဒီ စစ်ကောင်စီ စစ်ကြောင်းဟာ တပ်မ ၃၃ လက်အောက် မုံရွာတပ်ရင်း ၁၂ က တပ်သားတွေဖြစ်ပြီး ဩဂုတ်လ ၁၈ ရက်နေ့က မရန်ကထောင်‌ကျေးရွာဘက်ကနေ စစ်ကြောင်းချီတက်လာတဲ့ အင်အား ၁၀၀ ကျော်လောက်ရှိတဲ့ စစ်ကြောင်းတစ်ခု ဖြစ်တယ်လို့လည်း သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ ဒီကနေ့မနက်အစောပိုင်းက ကာမိုင်းဒေသခံအမျိုးသား ၅ ဦးကို စစ်ကြောင်းနဲ့အတူ လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားပြီး လက်ရှိ ကာမိုင်းမြို့ မအူပင်စုရပ်ကွက်က ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတစ်ခုမှာ တပ်စွဲနေတယ်လို့လည်း သိရပါတယ်။

“ဒီကနေ့မနက် မအူပင် ဘုန်ကြီးကျောင်းရောက်ပြီ။ အဲဒီကနေ KIA ရှိတဲ့ဂိတ်ဘက် လမ်းရှင်းအနေနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ကြတာ”လို့ အထက်ပါဒေသခံက ပြောပါတယ်။

အထက်ပါ စစ်ကြောင်းဟာ ဖားကန့်မြို့ဘက် ဦးတည်ချီတက်မယ့် အခြေအနေမှာ ရှိပြီး ဒီကနေ့မနက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ရဲ့ဂိတ်ရှိတဲ့ဘက် လက်နက်ကြီး ပစ်တာတွေ ရှိပေမဲ့ နှစ်ဖက်တပ် တိုက်ပွဲဖြစ်တာမျိုးတော့ မရှိဘူးလို့လည်း သိရပါတယ်။

ဩဂုတ်လ ၁၈ ရက်နေ့က မရန်ကထောင်ကျေးရွာကနေ ခြေလျင်စစ်ကြောင်းထွက်ခွာလာခဲ့ကြတဲ့ အဲဒီစစ်ကြောင်းဟာ ဒွမ်ဘုံးကျေးရွာမှာ တစ်ညတည်းပြီး နောက်တစ်နေ့မှာပဲ လယ်လုပ်နေတဲ့ ဒေသခံ ၄ ဦးကို စစ်ကြောင်းနဲ့အတူ ခေါ်ဆောင်ပြီး ကာမိုင်းစစ်တပ်ကုန်းအရောက်မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

ကာမိုင်းမြို့က ဖမ်းဆီးသွားတဲ့ ဒေသခံတွေကိုတော့ လက်ရှိအချိန်အထိ ပြန်လွှတ်ပေးတာ မရှိသေးဘူးလို့လည်း သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here