ဇူလိုင်၊၂၆
တနိုင်းမြို့ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်သားတွေကနေ လမ်းတစ်လျှောက်ရွာတွေက ဒေသခံတွေကို လူသားဒိုင်းအဖြစ် စစ်ကြောင်းနဲ့အတူ ခေါ်ဆောင်တာတွေ လုပ်ဆောင် နေတယ်လို့ သိရပါတယ်။
မနေ့က မနက် ၅ နာရီလောက်မှာ တနိုင်းလမ်းတစ်လျှောက်ကနေ အင်အား ၈၀ ကျော်လောက်ရှိတဲ့ စစ်ကောင်စီခြေလျင်စစ်ကြောင်းတစ်ခုက ပိန္နက်ကျေးရွာကို ရောက်ရှိလာပြီးနောက် ရွာအတွင်းက ဒေသခံအမျိုးသား၇ ဦးကို စစ်ကြောင်းနဲ့အတူ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
အထက်ပါ စစ်ကြောင်းဟာ ပိန္နက်ကျေးရွာနဲ့ ၅ မိုင်လောက်ဝေးတဲ့ ရှင်လုံကျေးရွာအရောက်မှာ ပိန္နက်ရွာခံ ၆ ဦးကို ပြန်လွှတ်ပေးပြီး ကျန်တစ်ဦးနဲ့အတူ ရှင်လုံရွာခံ အချို့ကိုလည်း စစ်ကြောင်းနဲ့အတူ ခေါ်ဆောင်ပြီး လဂျားဘွမ်ဘက် စစ်ကြောင်း ထွက်ခွာသွားကြတယ်လို့ အရပ်သားပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“ပိန္နက်ရွာက ယောက်ျားသား ၇ ယောက်ကို ခေါ်သွားတယ်။ ရှင်လုံကရွာကနေ ပြန်ချိန်းတယ်။၇ ယောက်ကနေ ၆ယောက်တော့ ပြန်လွှတ်ပြီ။ ရှင်လုံကတော့ဘယ်လောက် ခေါ်သွားတယ်ဆိုတာ အတိအကျ မသိဘူး“လို့ သူက ပြောပါတယ်။
အလားတူ ရှင်လုံ ဒေသခံတွေအားလုံးကို ပြန်လွှတ်ပေးပြီးတဲ့နောက် လဂျားဘွမ်ရွာရောက်တဲ့အချိန် ဒေသခံအမျိုးသား၊ အမျိုးသမီးတွေနဲ့ ကလေးတွေကိုလည်း စစ်ကြောင်းနဲ့အတူ ခေါ်ဆောင်သွားပြီး တရုံကျေးရွာအရောက် ပြန်လွှတ်ပေးလိုက်တယ်လို့လည်း ကြားသိရပါတယ်။
“၁၁ နာရီမှာ အဲဒီစစ်ကြောင်း ရှင်လုံနဲ့ လဂျားဘွမ်ကြားမှာ မိုင်းတစ်ခေါက်ဆွဲခံရတယ်။ ဘာမှတော့ မဖြစ်ကြဘူးတဲ့။ “လို့ အထက်ပါ အရပ်သားပြည်သူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
လက်ရှိ အဲဒီ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းဟာ လဂျားဘွမ်ကနေ ၄ မိုင်လောက်ဝေးတဲ့ တရုံကျေးရွာမှာ ရောက်ရှိနေပြီး စစ်ကြောင်းပြန်လှည့်လာတဲ့အချိန် အိမ်တံခါးပိတ်ထားတာတွေ တွေ့ရှိရင် မီးရှို့မယ်လို့ ခြိမ်းခြောက်ပြောဆိုထားတာတွေရှိနေတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ မေလအတွင်းကလည်း စစ်ကောင်စီ တပ်သားတွေကနေ တနိုင်းလီဒိုလမ်းပေါ်က နောင်းမီ၊ ဒွမ်ဘန်၊ မန်ပန်ကျေးရွာတစ်လျှောက် အရပ်သားတွေကို စစ်ကြောင်းနဲ့ အတူ ခေါ်ဆောင်သွားပြီး ပြန်လွှတ်ပေးတာတွေ ရှိခဲ့ပါတယ်။
ပုံဟောင်းဖြစ်ပါသည်။






