ဖေဖော်ဝါရီ၊ ၂၃
ဝိုင်းမော်- လိုင်ဇာလမ်းမပေါ်က ကဇူးယန်ကျေးရွာမှာရှိတဲ့ ဆမားဇုန်နယ် နှစ်ခြင်းခရစ်ယာန် KBC အသင်းရုံးနဲ့ ရွာထဲကို ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေအားလုံး ပြန်လည် ထွက်ခွာသွားကြပြီလို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ဒီမနက်ပိုင်းမှာ ခြေလျင်နဲ့တစ်ဖွဲ့အပြင် စစ်ယာဉ်တန်းတစ်ဖွဲ့နဲ့ အားလုံး ဆန်ပိုင်ဘက်ကို ပြန်လည်ထွက်ခွာသွားကြပြီလို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“ဒီမနက် ၃ နာရီလောက်ကနေ ခြေလျင်လျှောက်တဲ့သူတွေက သွားလိုက်ကြပြီ။ ဆန်ပိုင်၊ ဒင်ဂါလမ်းဘက် သွားလိုက်ကြပြီ။ ပြီးတော့ ကားစီးတဲ့အဖွဲ့တွေကြတော့ ဒီမနက် ၆ နာရီနဲ့ ၇ နာရီကြားလောက်မှာ အားလုံး အဲဒီဘက်ကို လိုက်သွားကြပြီ။ ဒီမှာ ဘယ်သူမှ မရှိကြတော့ဘူး။“လို့ ဒေသခံက ဆိုပါတယ်။
အင်အား ၄၀၀ ကျော်ရှိတဲ့ စစ်ကောင်စီစစ်တပ်သားတွေဟာ လက်နက် ရိက္ခာတွေအပြည့်၊ ဘက်ဟိုးနှစ်စီးနဲ့အတူ မနေ့က ကဇူးယန်ကျေးရွာထဲကို ဝင်ရောက်လာကြတာဖြစ်ပြီး ဆမားဇုန်နယ်ရုံးထဲကို အင်အား ၃၀၀ လောက် ဝင်ရောက်နေထိုင်ခဲ့တာ ဖြစ်ပါတယ်။
မနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မနက်ပိုင်းမှာတော့ ကဇူးယန်ကျေးရွာအနီးက ခဝမ်ကောင်ဘက်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အပြင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကလည်း ဒဘတ်ချောင်းအနီးမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ကျေးရွာအတွင်းက စစ်ကောင်စီတပ်စခန်းတစ်ဝိုက်မှာ မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံရွာသား ၁၀၀ ကျော်ဟာ ဆမားဇုန်နယ်ရုံးဝင်းထဲမှာ ဝင်ရောက်နေထိုင်နေကြတာ လပိုင်းလောက်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။
ဒီကနေ့မှာတော့ ဆမားဇုန်နယ်ရုံးဝင်းမှာ ခိုလှုံနေကြတဲ့ သက်ကြီးရွယ်အိုနဲ့ ကလေးတွေရှိတဲ့ အိမ်ခြေ ၂၀ လောက်ကို အောင်မြေ(၁) ကျေးရွာက KBC ဘုရားကျောင်းကို ရွှေ့ပြောင်းဖို့ လုပ်ဆောင်နေကြတယ်လို့လည်း သိရပါတယ်။
ဝိုင်းမော်-လိုင်ဇာလမ်းကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့ကတည်းက စစ်ကောင်စီကနေ စစ်ကြောင်းထိုးနေတာဖြစ်ပြီး လက်ရှိအချိန်ထိ ကဇူးယန်ကျေးရွာအနီးက ဆမားလမ်းခွဲကို မကျော်နိုင်သေးဘဲ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
ကဇူးယန်ဒေသခံတွေဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတို့ ၂၀၁၁ ခုနှစ်က တစ်ကျော့ပြန်စစ်ပွဲတွေ ဖြစ်ပွားတဲ့အချိန် ၁၀ နှစ်ကျော်ကြာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာဖြစ်ပြီး ၂၀၂၃ ခုနှစ် မတ်လပိုင်းကမှ နေရပ်ကို ပြန်လည်နေထိုင်နေကြတာ ဖြစ်ပါတယ်။
အထက်ပါကျေးရွာဟာ ဝိုင်းမော်-လိုင်ဇာလမ်းပေါ်မှာ တည်ရှိတာဖြစ်ပြီး အဲဒီလမ်းတစ်လျောက်က ကျေးရွာတွေကတော့ ဝိုင်းမော်-ခါးရှိ-အင်းလေး-အောင်မြေ ၁- အောင်မြေ-၂ ရွှေညောင်ပင်- ဂါးရာယန်-ကဇူးယန်- ဒဘတ်ယန်(ဆမားလမ်းခွဲ) – ဂျာပူ- ကန်တော်ယန်- နန်ဆန်ယန် ကျေးရွာတွေ ဖြစ်ပြီးတော့ KIO လိုင်ဇာဌာနချုပ်ကတော့ နန်ဆန်ယန်ကျေးရွာ အနီးမှာ တည်ရှိတာဖြစ်ပါတယ်။







