နန့်ရင်းချောင်းကူးတံတားပေါ် ဖြတ်သန်းမရအောင် လမ်းပိုင်းကို စစ်ကောင်စီ ဖျက်ဆီး

210

 

ဖေဖော်ဝါရီ ၂၆

ကချင်ပြည်နယ်၊ ဟိုပင်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရင်း ၄၀ ကနေ ဟိုပင်မြို့ အရှေ့ဘက်ကို လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ဆောင်နေသလို နန့်ရင်းကျေးရွာက ချောင်းကူးတံတားပေါ် ဖြတ်သန်းလို့မရအောင် လမ်းပိုင်းကို ဖျက်ဆီးထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီနဲ့ ရှမ်းနီပူးပေါင်းတပ်ဖွဲ့ဟာ မနေ့နေ့လယ်ပိုင်းက နန့်ရင်းကျေးရွာကို စစ်ကြောင်းထိုးပြီး နန့်ရင်းချောင်းကူး တံတားထိပ်ကလမ်းကို ဘက်ဟိုးနဲ့ကော်ပြီး ကျင်းတူးဖျက်ဆီးလိုက်တာကြောင့် ဆိုင်ကယ်တောင် ဖြတ်သန်းလို့မရတော့ဘူးလို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

မနေ့ကသွားပြီးတော့ ဘက်ဟိုးတွေနဲ့ လမ်းတွေကော်ထားတယ်။ ဟိုဘက်ဒီဘက် ဖြတ်လို့မရအောင်လုပ်ထားတာ။ အခုက ဆင်ဘိုကလည်း တိုက်ပွဲတွေဖြစ်နေတာဆိုတော့ သူတို့က ရိက္ခာပို့တယ်ထင်ပြီး လုပ်နေတာ။ လို့ ဆိုပါတယ်။

အဲဒီနန့်ရင်းချောင်းကူးတံတားဟာ အခင်းသွားတဲ့ နန့်ရင်းဒေသခံတွေ အသုံးပြုကြသလို အဲဒီလမ်းပိုင်းကနေပဲ တိုက်ပွဲဖြစ်ပွားမှုတွေ ရှိနေတဲ့ ဆင်ဘိုမြို့နဲ့ ဆက်သွယ်ထားတာဖြစ်ကြောင်းလည်း သိရပါတယ်။

ဒါ့အပြင် နန့်ရင်းချောင်းအကျော် အရှေ့ဘက် ဆင်ဘိုမြို့မရောက်ခင်ကြားက ရွှေလုပ်တဲ့နေရာဘက် စားသောက်ကုန်ပစ္စည်းတွေတိုက်တဲ့ ကားကြီးတွေလည်း အဲဒီတံတားကနေ ဖြတ်သန်းသွားလာကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ကျေးရွာဘက် စစ်ကြောင်းထိုးတာနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ဆောင်နေတာကြောင့် တိုက်ပွဲဖြစ်ပွားလာမှာစိုးရိမ်ပြီး နန့်ရင်းကျေးရွာက ဒေသခံတချို့ တခြားနေရာဘက် တိမ်းရှောင်နေကြတယ်လို့လည်း သိရပါတယ်။

အဲဒီနန့်ရင်းချောင်းအကျော် အရှေ့ဘက်ကို စစ်ကောင်စီ တပ်ရင်း ၄၀ က မနေ့ကတည်းကနေ လက်နက်ကြီးတွေ ပစ်ခတ်နေတာဖြစ်ပြီး ဒီကနေ့အထိလည်း ဆက်လက်ပစ်ခတ်မှုတွေ ရှိသလို နန့်ရင်းကျေးရွာဘက်မှာလည်း စစ်ကြောင်းထိုးထားဆဲဖြစ်ကြောင်း ဆိုပါတယ်။

မနေ့ကတော့ ပူးပေါင်းအင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတာဖြစ်ပြီး ဒီကနေ့မှာတော့ တံတားနဲ့ နှစ်မိုင်လောက်လှမ်းတဲ့ ချောင်းဘေးမှာ အင်အား ၆၀ လောက်နဲ့ စစ်ကြောင်းထိုးထားတာပါ။

စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ဆောင်နေတာကြောင့် ဟိုပင်မြို့ထဲမှာတော့ ခါတိုင်းလို သွားလာလှုပ်ရှားတာတွေ နည်းပါးသွားတယ်လို့လည်း သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here