ဖေဖော်ဝါရီ၊ ၂၉
ပူတာအိုမြို့နယ်၊ နမ်ဟော့ရွာက အကျဉ်းထောင်အနီးတစ်လျှောက်ကို စစ်ကောင်စီတပ်က Snowland ကုမ္ပဏီကို ၄ နှစ်စာ ရွှေတူးဖော်ခွင့်ပါမစ် ချပေးထားပေးပြီး ဒေသခံတွေအနေနဲ့ တားဆီးပြောဆိုဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။
ပူတာအိုဒေသက လုပ်ငန်းရှင် ၄၊ ၅ ဦးလောက်ပေါင်းပြီး တည်ထောင်ထားတဲ့ အဲဒီကုမ္ပဏီကို စစ်တပ်က လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းကစပြီး ၂၀၂၅ ခုနှစ်အထိ ရွှေတူးဖော်ခွင့်ပေးထားကြတာဖြစ်တယ်လို့ ပူတာအိုဒေသခံတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။
“ရွာသားတွေက ဘာမှ လုပ်လို့ မရတော့ဘူးပေါ့။ မလုပ်ဘူးရဆိုတာက အခုလို စစ်တပ်ကနေ ပါမစ်ယူကတည်းက စစ်တပ်က ခွင့်ပြုချက်ဟုတ်တယ်လို့ ပြောတယ်တဲ့။”လို့ ဆိုပါတယ်။
ဧကဘယ်လောက်အထိ ရွှေတူးခွင့်ပြုထားသလဲ၊ ပါမစ်ရဖို့အတွက် ပိုက်ဆံဘယ်လောက်ထိ ပေးခဲ့ရသလဲဆိုတဲ့ အကြောင်းတွေကို ဒေသခံတွေအနေနဲ့ မသိရှိရကြောင်းလည်း ဆိုပါတယ်။
အဲဒီရွှေတူးဖော်တဲ့နေရာကို ရဲနဲ့ တခြားအုပ်ချုပ်ရေးဌာနဘက်ကနေ လာပြီး ပိုက်ဆံလာကောက်တာမျိုးတွေ ရှိတယ်လို့လည်း သိရပြီးတော့ သီးခြားတော့ အတည်မပြုနိုင်ပါဘူး။
Snowland ကုမ္ပဏီကနေ ရွှေတူးဖို့ အဲဒီနမ်ဟော့ကျေးရွာတစ်လျှောက်မှာ လယ်ကွက်တွေဝယ်ပြီး ရွှေတူးတဲ့အပြင် ကာကွယ်တောဘက်မှာလည်း ထပ်တူးတဲ့အချိန်တော့ ရွှေမထွက်ဘူးလို့ ကြားသိရကြောင်း နမ်ဟော့ရွာအနီးမှာရှိတဲ့ လဝါတားကျေးရွာ ရပ်မိရပ်ဖတစ်ဦးကလည်းပြောပါတယ်။
“သူတို့လယ်တွေဝယ်ပြီးတော့ မောင်း(စက်မောင်းခြင်းကို ဆိုလိုခြင်းဖြစ်)တဲ့ဟာတွေကြတော့ တစ်လလောက်မောင်းတာနဲ့ ကုန်သလောက်တော့ရှိပြီ။”လို့ အထက်ပါရပ်မိရပ်ဖက ဆက်လက်ပြောပါတယ်။
နှစ်ရှည်စီမံကိန်းအနေနဲ့ ရွှေတူးဖော်ခွင့် ပါမစ်ချပေးလိုက်တဲ့အတွက် ဒေသခံရွာသားတွေ မှီခိုလုပ်ကိုင်နေတဲ့ ရာနဲ့ချီတဲ့ လယ်ယာမြေတွေနဲ့ စိုက်ပျိုးမြေတွေထဲကို ချောင်းရေတွေ သွယ်တန်းယူလို့ မရတော့ဘဲ မနှစ်ကတည်းက အခက်အခဲတွေ ကြုံတွေ့ခဲ့ကြရတယ်လို့လည်း သိရပါတယ်။
တချို့နေရာတွေမှာတော့ လယ်ထဲကိုရေသွင်းတဲ့ ရေသွယ်မြောင်းတွေကို ပိတ်မသွားအောင် ပြန်ဖွင့်ပေးခဲ့ဖို့နဲ့ ဆည်နဲ့ ၁၅ ပေလောက် အကွာအထိသာ ရွှေတူးဖော်ကြဖို့ ဒေသခံတွေနဲ့ ကုမ္ပဏီတို့ သဘောတူစာချုပ် ချုပ်ဆိုထားတာတွေလည်း ရှိတယ်လို့ လဝါတားကျေးရွာ ရပ်မိရပ်ဖက ပြောပါတယ်။
အဲဒီချောင်းဟာ မာမုလဲ့၊ နမ့်ဟော့၊ မကျော့ဝမ်၊ လဝါတားကျေးရွာနဲ့ ပူတာအိုအကျဉ်းထောင်အနီးမှာ တည်ရှိတာဖြစ်ပြီး ရွှေတူးဖော်မှုကြောင့် ရွာခံတွေရဲ့လယ်တွေပျက်စီးတာ၊ ချောင်းရေပျက်စီးလို့ သောက်သုံးရေခက်ခဲတာနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးပြီး ရာသီဥတုဖောက်ပြန်တာတွေ ဖြစ်ပွားနိုင်တယ်လို့ ပူတာအိုဒေသက သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူ တစ်ဦးကလည်း ပြောပြပါတယ်။
ရွှေတွေ အလွန်အကျွံတူးဖော်တာကြောင့် လယ်ယာလုပ်ကိုင်လို့ မရကြတော့တဲ့အတွက် လယ်ကွက်တွေရောင်းပြီး အဲဒီကျေးရွာက ဒေသခံတချို့က တခြားဒေသဘက်ကို မိသားစုလိုက် ပြောင်းရွှေ့သွားကြသူတွေလည်း ရှိနေကြပြီလို့ အထက်ပါ ဒေသခံတစ်ဦးကဆိုပါတယ်။
ရွှေတူးတဲ့အတွက် ဒေသခံတွေ ထိခိုက်မှုများလာတာကြောင့် မနှစ်က ဇူလိုင်လလောက်ကတည်းက ရွှေမတူးဖော်ဖို့ သက်ဆိုင်ရာဌာနတွေကို သွားရောက်တောင်းဆိုခဲ့ပေမဲ့ အရေးယူဆောင်ရွက်တာ မရှိဘူးလို့လည်း သိရပါတယ်။
အခုချိန်မှာတော့ Snowland ကုမ္ပဏီက လုပ်ပိုင်ခွင့်ရထားတဲ့ နေရာမှာ ရွှေဆိုင်း ၃ ဆိုင်းလောက်ကိုသာ အဓိကထောင်ထားပြီး ရွှေတူးဖော်နေကြတယ်လို့လည်း ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။