နမ္မတီးမြို့တွင် စစ်ကောင်စီ တပ်စခန်း နှင့် နီးသော နေရာများမှ ပြည်သူများကို ဘေးလွတ်ရာ ပြောင်းရွေ့ရန် စစ်ကောင်စီညွှန်ကြား

314

 

နိုဝင်ဘာ၊၁၆

ကချင်ပြည်နယ်၊ နမ္မတီးမြို့က စစ်ကောင်စီတပ်စခန်း၊ရဲစခန်းနဲ့ ဘူတာရုံနဲ့ အနီးတစ်ဝိုက်မှာရှိတဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်က ဒီကနေ့ ၁၆ ရက်ကစပြီး သုံးရက်အတွင်း ပြောင်းရွေ့ဖို့ အထုပ်အပိုးတွေ ပြင်ဆင်ခိုင်းထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က ဘေးလွတ်ရာကိုပြေးဖို့ အထုပ်အပိုးတွေ ပြင်ခိုင်းထားတဲ့အတွက် ကလေးတွေနဲ့ အထုပ်အပိုးပြင်ပြီး နေနေရတယ်လို့ နမ္မတီးမြို့၊ မြို့ဦးဒေသခံ အမျိုးသမီးတစ်ဦး ကပြောပါတယ်။

“ရှောင်ရင် တစ်ခါတည်းလဲဝတ်ဖို့ အဝတ်အထည်တွေ ထည့်ခိုင်းထားတာလေ။ ဘယ်ဘက် ဘာဖြစ်မလဲမသိဘူး။ သူများတွေ အောက်ဆင်းအိပ်လို့ ပြောကြတယ်။ အောက်ဆင်းအိပ်ရအောင်လည်း ကျွန်မတို့က အောက်ထပ်မှာ ဘာမှလည်း မရှိဘူး အခုသူများတွေ အောက်ထပ်ရတဲ့သူတွေ အကုန်လုံး အောက်ထပ်မှာ အိပ်ကြတယ်တယ်။ “လို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။

နမ္မတီးမြို့က အသက်ကြီးတဲ့ အဘိုးအဘွားတွေနဲ့ ကိုယ်ဝန်သည်တွေကိုတော့ မိုးကောင်းလမ်းက သူဌေးကုန်းဆို တဲ့နေရာမှာ သွားနေခိုင်းထားတယ်လို့ ကြားနေရကြောင်းလည်း အထက်ပါအမျိုးသမီးက ဆိုပါတယ်။

ဘူတာရုံ၊ ရဲစခန်းတွေနဲ့ နီးတဲ့အတွက်ကြောင့် ရှောင်ခိုင်းတာဖြစ်ပြီး အခြားရပ်ကွက်တွေကိုတော့ အကြောင်းကြားတာ မရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် နမ္မတီးမြို့က ကျောင်းတွေကိုလည်း မနေ့ကနေ့လယ်ပိုင်းမှာ အားလုံးပိတ်ခိုင်းလိုက်ပြီး ဘယ်အချိန်မှာ ပြန်ဖွင့်မယ်ဆိုတာလည်း မသိရဘူးလို့ နောက်ထပ် နမ္မတီးမြို့ဒေသခံ အမျိုးသမီးတစ်ဦး ကပြောပါတယ်။

ဒါ့အပြင် မြစ်ကြီးနား-နမ္မတီးလမ်းပေါ်မှာရှိတဲ့ ၁၈ မိုင်(လွယ်ခေါ) ကျေးရွာတွေမှာလည်း မနေ့ နေ့လယ်က စစ်ကောင်စီတပ်နဲ့ KIA တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ကျောင်းတွေ ပိတ်လိုက်တယ်လို့ သိရပါတယ်

ဒါ့အပြင် ပစ်ခတ်မှုတွေရှိနေတဲ့ ဆားမှော်ကျေးရွာက ဒေသခံတွေလည်း နမ္မတီးသကြားစက်ရုံဝင်းမှာ စစ်ရှောင်လာကြတယ်လို့ လမ်းခွကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ နမ္မတီးမြို့၊ အရှေ့ရပ် ရပ်ကွက်မှာရှိတဲ့ အထက်ကျောင်းမှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲနေရာယူ ထားကြတယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here