မြစ်ကြီးနား- မြစ်ဆုံလမ်းပေါ်မှာ ကုန်တင်ယာဉ်တွေကို စစ်ကောင်စီ စစ်ဆေးနေ

210

 

စက်တင်ဘာ၊၁၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နောင်နန်းတိုက်နယ်၊ ကဝါးခကျေးရွာအတွင်းက တြီနီတီနှစ်ခြင်းအသင်းတော် ဘုရားကျောင်းရှေ့ ကားလမ်းမပေါ်မှာ စစ်ကောင်စီတပ်သားတွေ နေရာယူပြီး ဒီကနေ့မနက် ၉ နာရီလောက်ကနေ ကုန်တင်ယာဉ်တွေကို တားဆီးစစ်ဆေးနေကြတယ်လို့ သိရပါတယ်။

တြီနီတီနှစ်ခြင်းအသင်းတော် ဘုရားကျောင်းရှေ့ လမ်းမပေါ်မှာ စစ်ကောင်စီတပ်သားတွေ တုန်ဖုန်းကားတစ်စီးနဲ့ ရုတ်တရက်ရောက်ရှိလာပြီး စစ်ဆေးနေတာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဝတ်စုံအပြည့်ဝတ်ဆင်ပြီး သေနတ်လွယ်ထားတဲ့ စစ်သား ၁၀ ယောက်လောက်ဟာ လမ်းဘေးမှာရပ်ပြီး မြစ်ကြီးနားမြို့ဘက်ကနေ အထက်ဘက်ကို တက်လာတဲ့ ကုန်တင်ကားကြီးတွေကို တားဆီးစစ်ဆေးနေတာလို့ လမ်းသွားလမ်းလာ ပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

တက်လာတဲ့ ကုန်ကားကြီးတွေကို တားပြီး အရမ်းစစ်နေတာ။ လမ်းသွားလမ်းလာတွေကိုတော့ မစစ်ဘူး။ ဘယ်က ရောက်လာလဲ မသိဘူး။ တုန်ဖုန်းကားနဲ့ ဟုတ်တယ်။လို့ ဆိုပါတယ်။

အခုလို အကြောင်းအရင်း မသိရဘဲ စစ်ကောင်စီတပ်သားတွေ ရုတ်တရက် ရောက်လာပြီး လမ်းမတွေပေါ် စစ်ဆေးနေတာဟာ ဒေသခံတွေ ထိတ်လန့်စေတယ်လို့ အထက်ပါပြည်သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့(တနင်္လာနေ့) မနက်ပိုင်း လောက်ကလည်း အထက်ဘက်ကနေ တုန်ဖုန်းကားကြီးနဲ့ ဆင်းလာတဲ့ စစ်ကောင်စီတပ်သား အင်အား ၃၀ ထက်မနည်း မြစ်ကြီးနား-မြစ်ဆုံတန်ဖရဲ လမ်းပေါ်မှာရှိတဲ့ ဆယ်မိုင်ကျေးရွာအတွင်းက အထက်တန်းစာသင်ကျောင်း၊ ကက်သလစ်ဘုရားကျောင်းဝင်းနဲ့ ကျေးလက်ဆေးပေးခန်းအပြင် ဂျော်ဘွမ်ဆုတောင်းတောင် သွားလမ်း ရပ်ကွက်(၅)ဘက်က လူမရှိတဲ့ နေအိမ်တွေမှာ ဝင်ရောက်နေထိုင်ခဲ့ပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်သား အင်အား ၃၀ ထက်မနည်း ဆယ်မိုင်ကျေး ရွာအတွင်း ဝင်ရောက်လာပြီး အထက်တန်းကျောင်းနဲ့ လမ်းတစ်လျှောက်က ဆိုင်တွေမှာ လှည့်လည် သွားလာတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဓါတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here