မန္တလေးရေတပ်စခန်းမှ ကချင်ပြည်နယ်ဘက်သို့ လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေ သယ်ဆောင်မည့် စစ်သင်္ဘာဆန်တက်ရန်ရှိသည့်အတွက် စစ်ကောင်စီမှ မြစ်လမ်းတစ်လျှောက် ကင်းပုန်းချနေ

209
ဓါတ်ပုံ - ဧရာဝတီမြစ်ပေါ်တွင်တွေ့ရှိရသည့် စစ်ကောင်စီ၏ လက်နက်နှင့် ရိက္ခာသယ် စစ်သင်္ဘာများ။

ဇူလိုင်၊၂၆

မန္တလေးတိုင်းစစ်ကောင်စီ ရေတပ်စခန်းကနေ ကချင်ပြည်နယ်ဘက်ကို လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေ သယ်ဆောင်မယ့် စစ်သင်္ဘာဆန်တက်ဖို့ရှိတဲ့အတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ဧရာဝတီမြစ်ကမ်းတစ်လျှောက်မှာ ကင်းပုန်းချတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီက စစ်သင်္ဘာဆန်တက်မလာခင် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ စစ်ကြောင်းထိုးပြီး ဧရာဝတီမြစ်ကမ်းတစ်လျှောက်က ကျေးရွာတွေမှာ ဝင်ရောက်နေကြတာဖြစ်တယ်လို့ ကသာမြို့မှာနေထိုင်တဲ့ အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“သင်္ဘာ ၅ စီးနဲ့ တံခွန် (လှေ)နဲ့ဆိုရင် ၉ စီး မန္တလေးကနေ ထွက်ဖို့ကိုလျာထားတယ်။ အဲဒီ သင်္ဘာတက်ဖို့ရာကို စစ်ကြောင်းထိုးပြီး ကင်းထောက်ပေးတဲ့သဘောပေါ့။ သင်္ဘာကို တစ်ခုခုလုပ်မှာစိုးလို့ ရွာတိုင်းရွာတိုင်းမှာ ကင်းထိုးပြီးတော့မှ အဲဒီလိုဆန်တာ။ သင်္ဘာဆန်ရင် သူတို့ အပေါ်က လေယာဉ်ပါ တစ်ခါတည်းလိုက်ပေးတယ်။”လို့ ဆိုပါတယ်။

အဲဒါကြောင့် စစ်ကြောင်းဝင်တဲ့ ကျေးရွာက ဒေသခံတွေအားလုံး စိုးရိမ်စိတ်တွေနဲ့ သတိထားနေနေ ကြတယ်လို့လည်း ဒေသခံက ဆက်လက်ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်သင်္ဘာဆန်တက်လာချိန်နဲ့ စုန်ဆင်းချိန်တိုင်းမှာ တိုက်ပွဲဖြစ်ကြတဲ့အတွက် ဒေသခံတွေက တွေးပူနေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့က စစ်ကောင်စီစစ်ကြောင်းတွေ ကျောက်ထုံးကြီးကျေးရွာအတွင်း စခန်းချနေထိုင်ဖို့ ဝင်ရောက်လာချိန် ဒေသခံတွေရဲ့ နေအိမ် ၂၇ အိမ်ကို မီးရှို့ဖျက်ဆီးပေးလိုက်ကြတယ်လို့ သိရပါတယ်။

ဒီကနေ့လည်း ကသာမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာအနီးမှာ KIA၊PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။

ကသာမြို့နယ်ရဲ့ အောက်ဘက်က တက်လာကြတဲ့ စစ်ကောင်စီစစ်ကြောင်းတွေထဲက တစ်ချို့စစ်ကြောင်းတွေကတော့ ကချင်ပြည်နယ်ဘက်ကို ဆက်လက်တက်သွားကြပြီး တချို့က ကသာမြို့နယ်အတွင်းက ကျေးရွာတွေမှာဝင်ပြီး စခန်းချနေထိုင်တာတွေ ပြုလုပ်ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Credit- Myo Hla PDF လူမှုကွန်ရက်စာမျက်နှာ

LEAVE A REPLY

Please enter your comment!
Please enter your name here