မေ၊၁၅
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဆွမ်ပီယန်ကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် နှစ်ဖက်တပ် စစ်ရေးတင်းမာနေပြီး ဒေသခံပြည်သူတွေ ရွာအတွင်းကနေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ပူတာအိုဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်သားအင်အား ၁၀၀ ကျော်ဟာ မေလ ၁၁ ရက်နေ့က ဆွမ်ပီယန်ကျေးရွာအတွင်း ရောက်ရှိလာပြီး လက်ရှိမှာတော့ ရွာအတွင်းက တပ်စခန်းမှာပဲ စခန်းချနေထိုင်နေကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် နေ့တိုင်းဆိုသလို ရွာအတွင်း ဒရုန်း၊ လက်နက်ကြီး/ငယ် နှစ်ဖက်အပြန်အလှန် ပစ်ခတ်သံတွေ ကြားနေရတဲ့အတွက်ကြောင့် ဒေသခံပြည်သူတွေ ရွာအတွင်းပြန်လည်နေထိုင်ဖို့ စိုးရိမ်နေဆဲဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်နေတာ ဒီကနေ့နဲ့ဆိုရင် ၄ ရက်လောက်ရှိလာပြီလို့ ဆိုပါတယ်။
“နေ့တိုင်း သေနတ်သံတွေ ကြားရတယ်။ ရွာအတွင်းမှာကို အသံတွေ မြည်နေတာ“လို့ ဆွမ်ပီယန်ဒေသခံ ပြည်သူတစ်ဦးက ပြောပါတယ်။
ရွာအတွင်း ဝင်ရောက်တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဒေသခံပြည်သူတွေရဲ့ နေအိမ်အချို့ကို ဖောက်ထွင်းတာတွေ ပြုလုပ်နေတယ်လို့ နောက်ထပ်ဒေသခံ ပြည်သူတစ်ဦးကလည်း မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“ရွာထဲက အိမ်တွေ၊ ဆိုင်တွေ အကုန်ဖောက်ပေးလိုက်ကြတာ။ အိမ်သော့တွေလည်း အကုန် ဖျက်ပေးလိုက်တယ်။“လို့ ဆိုပါတယ်။
ဆွမ်ပီယန်ကျေးရွာအနီးက အင်ဆီးယန်ကျေးရွာ ဒေသခံပြည်သူ ၂၀၀ ကျော်ကလည်း တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေပြီလို့ ဆိုပါတယ်။
အင်ဆီးယန်ကျေးရွာအနီးက ဆင်ဂတ်ဘွမ်တပ်စခန်းမှာလည်း စစ်သားအင်အား ၃၀ ထက်မနည်း တပ်စွဲထားတဲ့အပြင် ဆွမ်ပီယန်ကျေးရွာအတွင်းမှာတော့ မူလ အင်အား ၁၀၀ ကျော်နဲ့ ပူတာအိုဘက်က စစ်အင်အားထပ်မံဖြည့်တင်းတဲ့ အင်အားပါပေါင်းရင် ၂၀၀ ကျော်လောက် ရှိနိုင်တယ်လို့လည်း သိရပါတယ်။
မနေ့က (မေလ ၁၄)ရက်နေ့ မနက် ၁၀ နာရီလောက်မှာတော့ ဆွမ်ပီယန်တပ်စခန်းက စစ်သားအင်အား ၆၀ လောက် ကားတစ်စီးနဲ့အတူ ပူတာအိုမြို့ ဘက်ကို ပြန်လှည့်သွားတယ်လို့ အထက်ပါ ဒေသခံပြည်သူက ဆက်လက်ပြောပါတယ်။
ဆွမ်ပီယန်ကျေးရွာအတွင်းက နေအိမ်အချို့မှာ လက်နက်ကြီးကျရောက်ပြီး ထိခိုက်ပျက်စီးတာတွေ ရှိတယ်လို့ ကြားသိရပေမဲ့ စစ်ရေးအခြေအနေကြောင့် ရွာအတွင်း ဝင်ရောက်ကြည့်ရှုဖို့ အဆင်မပြေတဲ့အတွက် နေအိမ်ဘယ်နှစ်လုံး ထိခိုက်ပျက်စီးသွားပြီဆိုတာ အတိအကျ မသိရှိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံပြည်သူတွေဟာ ရေရှည်မှာ အစားအသောက်နဲ့ ဆေးဝါးလိုအပ်မှုတွေ ကြုံတွေ့လာနိုင်တာကြောင့် စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
“အစားအသောက်ကတော့ ခက်တာပေါ့။ တစ်ချို့ ယူလာခဲ့တဲ့သူတွေဆီက မျှပြီး စားနေကြတာပေါ့။ ဆက်ပြီး အချိန်ကြာလာရင်တော့ ခက်တော့ ခက်လာမှာပေါ့။ ရွာကိုလည်း ဝင်မရတော့။ မိုးကာတွေလည်း အကူအညီ လိုအပ်နေတယ်“လို့ ဒေသခံက ပြောပါတယ်။
ဆွမ်ပီယန်ကျေးရွာအတွင်း အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မေလ ၈ ရက်နေ့က မန္တလေးဘက်ကနေ Y8 အမျိုးအစားလေယာဉ်နဲ့ သယ်ဆောင်ပြီး ပူတာအိုမြို့ဘက် လာချသွားတဲ့ အဖွဲ့ဖြစ်တယ်လို့လည်း ကြားသိရပါတယ်။
၂၀၁၄ သန်းခေါင်စာရင်းအရ ဆွမ်ပီယန်ကျေးရွာအုပ်စုအတွင်း လူဦးရေ တစ်ထောင်ကျော် နေထိုင်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ဒုတိယပတ်လောက်ကနေ စတင်တိုက်ခိုက်ခဲ့တဲ့ ဆွမ်ပရာဘွမ် စစ်ကောင်စီ ခလရ ၄၆ ဗျူဟာကုန်းကို စစ်ကောင်စီဘက်က ကုန်လမ်းကနေ စစ်ကူအင်အားဖြည့်တင်းတာတွေသာမက လေကြောင်းနဲ့ပါ ပစ်ကူတဲ့ကြားကနေ (မေလ၅)ရက်နေ့ မနက်ပိုင်း ၄ နာရီကျော်လောက်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ပူတာအိုခရိုင်၊ဆွမ်ပရာဘွမ်မြို့နယ်အတွင်းက စစ်ကကောင်စီတပ်စခန်းတွေကို KIA ကနေ တိုက်ခိုက်သိမ်းပိုက်ထားနိုင်တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။