အောက်တိုဘာ၊၁၀
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) လိုင်ဇာဌာနချုပ်အနီးက မုန်လိုင်ခက် စစ်ရှောင်စခန်းတွင်းမှာ မနေ့ အောက်တိုဘာလ ၉ ရက်နေ့ ည ၁၁ နာရီခွဲအချိန်လောက်မှာ စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် စစ်ရှောင်ပြည်သူ အယောက် ၃၀ ထက်မနည်း သေဆုံးသွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တစ်ကြိမ် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် စစ်ရှောင်ပြည်သူအများအပြား ထိခိုက်သေဆုံးမှုရှိခဲ့ပြီး လက်ရှိတွေ့ရှိထားတဲ့ အလောင်းဟာ ၃၃ ဦးလောက်ရှိနေပြီလို့ မြေပြင် ဒေသခံပြည်သူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
သေဆုံးသွားသူတွေထဲ ၃ လအရွယ် ကလေးငယ်တစ်ဦးနဲ့ ၁၅ နှစ်အောက်အရွယ် ကလေး(၅)ဦးလည်း ပါဝင်ပြီး မြေပြင် ရှာဖွေရေးတွေ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။
နောက်ထပ် လိုင်ဇာဒေသခံပြည်သူတစ်ဦးရဲ့ ပြောပြချက်အရ စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေလည်း ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။
“နေအိမ်တွေ ပျက်စီးသွားတယ်။ နေအိမ်အလုံး ၁၀ခု လောက်တော့ ရှိမယ်။ အတိအကျတော့ မသိရသေးဘူး ခန့်မှန်းတာပေါ့”လို့ ဒေသခံက ဆိုပါတယ်။
ကျရောက် ပေါက်ကွဲခဲ့တဲ့ လက်နက်ကြီးကျည်ဟာ လေယာဉ်နဲ့ လာရောက် ပစ်ခတ်တာလည်း ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။
“လေယာဉ်လာတဲ့ အသံလည်း မကြားလိုက်ဘူး ပြောတယ်။ ပေါက်ကွဲတဲ့ အနေအထားကို ကြည့်ရင်တော့ လေယာဉ်နဲ့ လာပစ်သလိုတော့ ဖြစ်နေတယ်လို့“ဆိုပါတယ်။
အထက်ပါပစ်ခတ်မှုဟာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာလို့ ပြောဆိုနေပေမဲ့ အတိအကျအတည်မပြုနိုင်သေးသလို KIO/KIA ပြန်ကြားရေးတာဝန်ခံနဲ့လည်း အဆက်အသွယ်မရရှိသေးပါဘူး။
အထက်ပါ မုန်လိုင် စစ်ရှောင်စခန်းမှာ အိမ်ခြေ(၆၀)ကျော်လောက် ရှိပြီး လိုင်ဇာမြို့နဲ့ ၂မိုင်ကျော်လောက်မှာ တည်ရှိတာလည်းဖြစ်ပါတယ်။