ဒီဇင်ဘာ၊၂၇
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ လုံရှာယန်ကျေးရွာမှာ စစ်ကောင်စီကနေ စခန်းပြန်ထိုင်ဖို့ ပြင်ဆင်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီစခန်းဟာ စစ်ကောင်စီကနေ လွန်ခဲ့တဲ့ ၃ နှစ်( အာဏာမသိမ်းခင် )လောက်က ဆုတ်ခွာသွားခဲ့တာဖြစ်ပြီး အခုချိန်မှာ စခန်းပြန်ထိုင်ဖို့ ပြုလုပ်နေကြတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
ဒီဇင်ဘာလ ၁၀ ရက်နေ့က ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေအပြင် ဒီဇင်ဘာလ ၁၆ ရက်နေ့က မချမ်းဘော့မြို့နယ်၊ အင်ခါးဂါးကျေးရွာက တပ်ဆုတ်လာတဲ့ ရဝမ်ပြည်သူ့စစ် စစ်သား အယောက် ၂၀ အပါအဝင် စုစုပေါင်း စစ်သားအင်အား ၇၀ ကျော်လောက် လုံရှာယန်အတွင်း ရောက်ရှိနေတယ်လို့ ဒေသခံက ဆိုပါတယ်။
” တစ်ပတ်ကျော်လောက်ရှိပြီ ရောက်နေတာ။ လောလောဆယ်တော့ ရွာထဲက ပြည်သူတွေ နေအိမ်မှာ နေပြီး တပ်စခန်း ဆောက်လုပ်နေကြတယ်။ သူတို့ဟာသူတို့ လုပ်နေကြတာ။ ဝါးတွေကတော့ ပြည်သူတွေဆီကနေ ယူပြီး လုပ်နေတာပေါ့”လို့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ဘုန်းကြီးကျောင်းနဲ့ ရွာထဲက အိမ်ခြေ ၅ ခုလောက်မှာ လူစုခွဲနေထိုင်ပြီး တပ်စခန်းဆောက်လုပ်နေကြတယ်လို့ ဆိုပါတယ်။
အရင်စခန်းထိုင်ခဲ့စဉ်က စစ်ကောင်စီတပ်သားအယောက် ၁၀ ဦးကနေ တစ်ခါတလေ အယောက် ၄၀ ဦး အထိ ရှိခဲ့ပြီး အဲဒီစခန်းဟာ ရွာအလယ်ကားလမ်းနံဘေးမှာ တည်ရှိတယ်လို့လည်း အထက်ပါ ဒေသခံရဲ့ ပြောပြချက်အရ သိရပါတယ်။
အခုလို ရွာအတွင်း စခန်းပြန်လည်ဆောက်လုပ်တာနဲ့ ပတ်သက်ပြီး ဘယ်လို အကြောင်းအရင်းကြောင့်ဆိုတာ မသိရှိရဘူးလို့ ဆိုပါတယ်။
လုံရှာယန်ကျေးရွာဟာ မြစ်ကြီးနား-ပူတာအိုမြို့လမ်းပေါ်မှာ တည်ရှိပြီး လူဦးရေ လေးထောင်ကျော်လောက် နေထိုင်တာလည်း ဖြစ်ပါတယ်။







