အောက်တိုဘာ၊၃၀
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့က ဒေသခံတွေကို စစ်ကောင်စီက ညနေ ၅ နာရီနောက်ပိုင်း မထွက်ကြဖို့ ပြောဆိုထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်စခန်းအနီးမှာရှိတဲ့ ကွတ်ခိုင်မြို့၊ သာယာကုန်းရပ်ကွက်က ဒေသခံတွေကို နေရာရွှေ့ပြောင်းဖို့နဲ့ ညနေ ၅ နာရီနောက်ပိုင်း အပြင်မထွက်ကြဖို့ မနေ့ အောက်တိုဘာလ ၂၉ ရက်နေ့က စစ်ကောင်စီက ပြောဆိုလာတာလို့ ကွတ်ခိုင်ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“မနေ့က ၅ နာရီ ညနောက်ပိုင်း တခြားဘက်မထွက်ဖို့ သူတို့ပြောတယ်။ စစ်တပ်နဲ့နီးတဲ့ဘက်က လူတွေကိုလည်း မနေ့ကနေ နေရာရွှေ့ခိုင်းထားတယ်။”
ရှမ်းမြောက်ဒေသဘက်မှာ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေက စစ်ကောင်စီတပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်တဲ့ နောက်ပိုင်းကနေ ကွတ်ခိုင် စစ်ကောင်စီတပ်ကလည်း လက်နက်ကြီး ပစ်ခတ်မှုတွေ တောက်လျှောက်လုပ်ဆောင်နေတာလို့ သိရပါတယ်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကနေ အောက်တိုဘာလ ၂၇ ရက်နေ့က စတင်ခဲ့တဲ့ စစ်ဆင်ရေးနောက်ပိုင်း ကွတ်ခိုင်မြို့ထဲမှာတော့ နေ့ခင်းပိုင်းကို ဈေးဝယ်ထွက် သွားလာတာတွေရှိပေမဲ့ လမ်းပိတ်ထားတဲ့အတွက် ကွတ်ခိုင်မြို့ကနေ နမ့်ဖတ်ကာဘက်တောင် သွားလို့မရတဲ့ အခြေအနေတွေဖြစ်နေတယ်လို့လည်း ဆိုပါတယ်။
“ဒီမှာလည်း သတိထားပြီး နေရတယ်။ ဒေသခံတွေအတွက်တော့ ဘယ်လိုမှ လုံခြုံမှုမရှိသေးဘူး အခုချိန်။ နမ့်ဖတ်ကာထိတောင် ပြန်လို့မရဘူးအခု။ သူတို့ ဆိုင်ကယ်ဖြတ်ရင်လည်း ဆိုင်ကယ်တွေကို ပစ်ကြတာ။” လို့ဆိုပါတယ်။
လက်ရှိ နမ့်ဖတ်ကာကျေးရွာဘက်မှာလည်း စစ်ကောင်စီတပ်သားတွေ အပြည့်ရှိနေတာကြောင့် ဒေသခံတွေဟာ စိုးရိမ်ကြောက်လန့်စိတ်နဲ့ နေထိုင်နေရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကွတ်ခိုင်မြို့နဲ့ နမ့်ဖတ်ကာကျေးရွာကြားက နမ့်ခိုင်ရွာဘက်မှာလည်း ဒီကနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားတာရှိသလို မုံးကိုးဒေသဘက်မှာလည်း တိုက်ပွဲဖြစ်ပွားမှုတွေရှိနေတယ်လို့ သိရပါတယ်။







