အောက်တိုဘာ၊၉
ကချင်ပြည်နယ်၊ မြစ်ကြီးနား-မြစ်ဆုံလမ်းပေါ်က အာလမ်ကျေးရွာမှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်နေထိုင်နေကြပြီး လမ်းတစ်လျှောက် သွားလာလှုပ်ရှားနေတယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၃၀ ရက်နေ့လောက်က အာလမ်ကျေးရွာအတွင်း စစ်ကောင်စီတပ်သား အင်အား ၁၀ ဦးဝန်းကျင်ထက်မနည်း ဝင်ရောက်လာပြီး ကားလမ်းဘေးက လူမရှိတဲ့ နေအိမ်တွေမှာ ဝင်ရောက်နေထိုင်နေကြတာလို့ မြစ်ကြီးနားဒေသခံ ပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“တစ်နေ့က မြင်လိုက်တာတော့ ၁၀ ယောက်ကျော် တွေ့တယ်။ အထဲမှာ ဘယ်နှစ်ယောက်ရှိသေးလဲတော့ မသိဘူး။ တစ်ပတ်လောက် ရှိလာပြီလို့ ပြောကြတယ်။“ လို့ ပြောပါတယ်။
အထက်ပါ စစ်ကောင်စီတပ်သားတွေ ရွာအတွင်းက ပြန်လည်ထွက်ခွာသွားခြင်း ရှိ/မရှိ ဒေသခံတွေကို ကြိုးစားဆက်သွယ်နေပေမယ့် ဖုန်းလိုင်းဖြတ်တောက်ထားတဲ့အတွက် မသိရှိရသေးပါဘူး။
နောက်ထပ် ပြည်သူတစ်ဦးရဲ့ ပြောပြချက်အရ အောက်တိုဘာလ ၇ ရက်နေ့က မြစ်ကြီးနား-အောင်မြင်သာ လမ်းတစ်လျှောက် စစ်ကောင်စီတပ်သားအချို့ သွားလာလှုပ်ရှားနေကြတယ်လို့ သိရပါတယ်။
“စစ်သားဝတ်စုံဝတ်ပြီး လက်နက်တွေရော ကိုင်ထားတယ်။ လမ်းတစ်လျှောက် တစ်ယောက်၊ နှစ်ယောက် အဲဒီလို နေနေကြတာ။ ကြည့်လိုက်တာတော့ အသက်ငယ်သေးတဲ့ ပုံတွေပဲ“လို့ ဆိုပါတယ်။
လက်လွှတ်လိုက်ရတဲ့ တပ်စခန်းတွေကို ပြန်လည်သိမ်းပိုက်မယ်လို့ သတင်းထွက်ပေါ်ပြီးနောက် မြစ်ကြီးနား-မြစ်ဆုံလမ်းပေါ် မှာ စစ်ကောင်စီတပ်သားတွေ စစ်ရေးလှုပ်ရှားမှု များလာတာလို့လည်း သိရပါတယ်။
စစ်ကောင်စီတပ်ကနေ သူလက်လွှတ်လိုက်ရတဲ့ မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းက တပ်စခန်းတွေကို ပြန်လည် သိမ်းပိုက်မယ်လို့ သတင်းထွက်ပေါ်နေတာဟာ စက်တင်ဘာလကုန်ပိုင်းလောက်ကနေလို့ ဆိုပါတယ်။
အောက်တိုဘာလ ၅ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ဘက်ကလို့ ယူဆရတဲ့ စစ်ကောင်စီတပ်သားတွေဟာ တုန်ဖုန်းကားနှစ်စီးနဲ့ အထက်ဘက်(မြစ်ဆုံ- တီယန်ဇွပ်- ဆွမ်ပရာဘွမ် လမ်းအတိုင်း) ကို တက်သွားကြတယ်လို့ မျက်မြင်တွေ့ရှိခဲ့တဲ့ မြစ်ကြီးနားဒေသခံ ပြည်သူတစ်ဦးက ပြောပါတယ်။
စက်တင်ဘာလ ဒုတိအပတ်လောက်ကနေ စပြီးတော့ မြစ်ကြီးနား-မြစ်ဆုံလမ်းတစ်လျှောက် ညနေ မှောင်ရီပျိုးစ အချိန်ကနေ ညသန်းခေါင်အထိ တစ်ခါတလေ စစ်ကောင်စီလေယာဉ် ပျံဝဲတာ ခပ်စိပ်စိပ် ပြုလုပ်လာတယ်လို့ ပြောဆိုနေကြပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ ဩဂုတ်လအတွင်းကလည်း မြစ်ကြီးနား-မြစ်ဆုံလမ်းပေါ်က နောင်နန်းတိုက်နယ် ဆယ်မိုင်ကျေးရွာဘက် စစ်ကောင်စီတပ်သားတွေ သွားလာလှုပ်ရှားခဲ့သလို စက်တင်ဘာလ အတွင်းမှာလည်း နောင်နန်းတိုက်နယ်ရဲ့ နေရာအချို့မှာ စစ်ကောင်စီတပ်သားတွေ နေရာယူ စောင့်ကြပ်တာတွေ ရှိခဲ့ပါတယ်။
လက်ရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ ဆွမ်ပရာဘွမ်မြို့က စစ်ကောင်စီ ခလရ ၄၆ ဗျူဟာကုန်းအပြင် တီယန်ဇွပ်ကျေးရွာအတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း သုံးခုကိုလည်း သိမ်းပိုက်ထားနိုင်တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။







