စစ်ကောင်စီတပ်သားများ လက်နက်ချ ထွက်ပြေးသွားသောကြောင့် တာမခန်ကျေးရွာက စခန်းကုန်းကို KIA ပူးပေါင်းအဖွဲ့သိမ်းပိုက်

257

 

မတ်၊၁၀

ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု တာမခန်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီခမရ- ၁၁၉ တပ်စခန်းက စစ်ကောင်စီတပ်သားတွေ ထွက်ခွာသွားတဲ့အတွက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေက သွားရောက် သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

တာမခန်စစ်ကောင်စီစခန်းက စစ်ကောင်စီအင်အား ၇၀ ကျော်ခန့်က မနေ့ည ၇ နာရီခွဲခန့်မှာ လက်နက်တွေထားပြီး ထွက်သွားကြတာဖြစ်တယ်လို့ KIA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

သူတို့ မပစ်တော့ဘူး တာမခန်ကနေ ထွက်သွားတော့မယ်လို့ ပြောတယ်။ အဲဒါကို ကျွန်တော်တို့ လူကြီးတွေက ထွက်သွားမယ်ဆို လက်နက်ချထားလို့ ပြောတယ်။ သူတို့ တစ်ဝက်ထားထားပေးမယ် အကုန်မထားထားပေးဘူးဆိုလို့ နှစ်ရက်၊သုံးရက်လောက် ကြာသွားတယ်။ မနေ့ကတော့ ဘယ်လိုပြောလိုက်လို့လဲမသိဘူး သေနတ်က ၂၀ ကျော်ထားခဲ့ပြီး ထွက်သွားတယ်။လို့ အထက်ပါ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ ထွက်သွားတဲ့အချိန် သေနတ် ၂၄ လက် ချန်ထားခဲ့တာဖြစ်ပြီး ထွက်သွားတဲ့ စစ်ကောင်စီအင်အား ၇၇ ဦးရှိတယ်လို့ သိရပါတယ်

လက်ရှိအချိန်မှာတော့ တာမခန်စခန်းကုန်းကို KIA ပူးပေါင်းတပ်တွေက ဘတ်ဖိုးနဲ့ ဘောလုံးကွင်းပုံစံ မြေစညှိနေပြီလို့လည်း အထက်ပါ အမျိုးသားက ဆက်ပြောပါတယ်။

တာမခန်စခန်းကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သားတွေ ဖမ်းထားတဲ့ KPDF တစ်ဦးကိုလည်း လွှတ်ပေးခဲ့တယ်လို့ နောက်ထပ်ဒေသခံတစ်ဦးရဲ့ ပြောချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့မှာ တာမခန်ကျေးရွာကို စစ်ကူလာပြီး နေအိမ်တွေကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း KIA၊KPDFပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီစစ်သား ၇၀ ကျော်(အားလုံးနီးပါး) သေဆုံးခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့က တာမခန်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်ဖွဲ့က စတင်တိုက်ခိုက်ခဲ့တာပါ။

တာမခန်ကျေးရွာက စစ်ကောင်စီနယ်မြေရဲစခန်းကိုတော့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ခမရ ၁၁၉ ကို ဆက်လက်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here