
စက်တင်ဘာ၊ ၆
ပြည်ပရောက် မြန်မာလုပ်သားတွေအနေနဲ့ လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်းကို သတ်မှတ်ထားတဲ့ လမ်းကြောင်းတွေကနေ ပြည်တွင်းကိုပြန်လွှဲရမယ်ဆိုပြီး စစ်ကောင်စီက ဒီနေ့ အမိန့်ကြေညာစာအဖြစ် ထုတ်ပြန်လိုက်ပါတယ်။
အဲဒီအမိန့်ကြေညာစာဟာ ဩဂုတ်လ ၂၈ ရက်နေ့ရက်စွဲနဲ့ဖြစ်ပြီး ဒီနေ့မှ မြန်မာ့အလင်းသတင်းစာကနေ ထုတ်ပြန်လာတာလည်း ဖြစ်ပါတယ်။
ပြည်ပရောက်မြန်မာလုပ်သားတွေအနေနဲ့ စစ်ကောင်စီသတ်မှတ်ထားတဲ့ ဘဏ်တွေ၊ လိုင်စင်ရထားတဲ့သူတွေ၊ ဘဏ်တွေနဲ့ချိတ်ဆက်ထားတဲ့ နိုင်ငံတကာဝန်ဆောင်မှုတွေကနေပဲ ငွေလွှဲရမှာဖြစ်တယ်လို့ အဲဒီကြေညာချက်မှာ ဖော်ပြထားတာပါ။
ဒါပေမဲ့ စစ်ကောင်စီသတ်မှတ်ထားတဲ့အတိုင်း ငွေလွှဲရမယ်ဆိုရင် ငွေလဲနှုန်းဟာ တစ်ဒေါ်လာကို ကျပ် ၂,၁၀၀ ဝန်းကျင်လောက်ပဲရရှိမှာဖြစ်ပြီး တခြားလမ်းကြောင်းတွေကနေလွှဲမယ်ဆိုရင်တော့ အခုပြင်ပပေါက်ဈေးအရ တစ်ဒေါ်လာကို ကျပ် ၆,၀၀၀ နီးပါးထိရရှိနိုင်ပါတယ်။
ဒါကြောင့် စစ်ကောင်စီသတ်မှတ်ထားတဲ့အတိုင်း ငွေလွှဲမယ်ဆိုရင် ပြည်ပရောက်လုပ်သားတွေအတွက် နစ်နာမှုတွေ ဖြစ်လာနိုင်တာပါ။
စစ်ကောင်စီကတော့ အလုပ်သမားတွေအနေနဲ့ အဲဒီလိုလွှဲပေးမယ်ဆိုရင် ဝင်ငွေရလမ်းဖော်ပြနိုင်တဲ့ငွေ (ငွေဖြူ) အဖြစ် ခံစားခွင့်ရရှိနိုင်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ သူတို့သတ်မှတ်ထားတဲ့အတိုင်း မလွှဲပေးဘူးဆိုရင်တော့ ပြည်ပကိုအလုပ်ထွက်လုပ်ဖို့ အကန့်အသတ်နဲ့ပိတ်တာ၊ အလုပ်သမားသက်သေခံကတ် (OWIC) မထုတ်ပေးတာနဲ့ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) သက်တမ်းမတိုးပေးတာ စတာတွေကို လိုအပ်သလိုအရေးယူသွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။
ဒါ့အပြင် လုပ်သားစေလွှတ်တဲ့အေဂျင်စီတွေအနေနဲ့လည်း ပြည်ပရောက်အလုပ်သမားတွေဆီကနေ ငွေလွှဲထားတဲ့ စာရင်းတွေ မပျက်မကွက် တင်ပြရမယ်လို့ ဆိုပါတယ်။
အခုဖြစ်ရပ်မတိုင်ခင်ကလည်း ပြည်ပရောက်လုပ်သားတွေအနေနဲ့ အခွန် ၂ ရာခိုင်နှုန်း ဆောင်ကြဖို့ စစ်ကောင်စီက သတ်မှတ်ထားခဲ့ပြီး မဆောင်ရင် အရေးယူမယ်လို့ ကြေညာခဲ့ပါသေးတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ ပြည်ပပို့ကုန်လုပ်ငန်းရှင်တွေဆီကနေလည်း တင်ပို့ငွေကနေရတဲ့ နိုင်ငံခြားငွေ ၂၅ ရာခိုင်နှုန်းကိုလည်း သတ်မှတ်ထားတဲ့ဈေးအတိုင်း ကျပ်ငွေလဲလှယ်ရမယ်လို့ သတ်မှတ်ထားပါသေးတယ်။
ဩဂုတ်လ ၂၉ ရက်နေ့ထုတ် စစ်ကောင်စီရဲ့ မြန်မာ့အလင်းသတင်းစာမှာတော့ ၂၀၂၂ ခုနှစ်ကနေ အခုနှစ် ၂၀၂၄ ခုနှစ်အထိ ပြည်ပကိုထွက်ခွာတဲ့သူ ၂ ဒဿမ ၂ သန်းထိရှိနေတယ်လို့ ခန့်မှန်းထားပါတယ်။






