မြစ်ကြီးနား-တနိုင်းလမ်း ပျက်စီးနေပြီး ခရီးသည်တစ်ဦးကို ကားခသိန်းချီပေးပြီး သွားလာနေရ

125

 

စက်တင်ဘာ၊၅

မြစ်ကြီးနား-တနိုင်းလမ်းပိုင်းမှာ ငါးနေရာထက်မနည်း လမ်းပျက်စီးနေပြီး ခရီးသည်တစ်ဦး ကားခ ကျပ်တစ်သိန်းနှုန်းပေးပြီး သွားနေရတယ်လို့ သိရပါတယ်။

လက်ရှိ မြစ်ကြီးနားကနေ တနိုင်းမရောက်ခင် ဒွမ်ဘန်-ရှဒူဇွပ်ကျေးရွာကြား သုံးနေရာနဲ့ နောင်းမီ-ဝါရာဇွပ်ကြား သုံးနေရာ စုစုပေါင်း နေရာခြောက်နေရာမှာ ကားလမ်းတွေ ပျက်စီးနေတဲ့အတွက် ကားတွေ အတက် အဆင်း ခက်ခဲနေကြတာပါ။

မိုင် ၁၀၀ ကျော်လောက်ကွာဝေးတဲ့ မြစ်ကြီးနား-တနိုင်းခရီးစဉ်အတွက် အရင်အချိန်က ခရီးသည်တစ်ဦးကို ကားခ ကျပ်သုံးသောင်းကျော်လောက်သာ ပေးရပြီး အခုအခါမှာတော့ ကားလမ်းအခက်အခဲ၊ စက်သုံးဆီ အခက်အခဲတွေကြောင့် တစ်ဦးကို ကျပ်တစ်သိန်းလောက်အထိ ပေးရတယ်လို့ ခရီးသွားပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

ကားနောက်ခန်းဆို ရှစ်သောင်း၊ ရှေ့ခန်း တစ်သိန်းလောက် ပေးရတယ်။ ခရီးက တစ်ရက်တည်းနဲ့ မရောက်ဘူး။ စစ်ကောင်စီဂိတ်တွေမှာလည်း ကားသမားတွေက ဂိတ်ဖြတ်ကြေးတွေလည်း ပေးရတာဟုတ်တယ်။ လမ်းတစ်လျှောက်က ဂိတ်အချို့မှာ ပေးရတာလို့ ဆိုပါတယ်။

ကားလမ်းတစ်လျှောက် ရှဒေါင်၊ အကြဲ၊ ၂၁ မိုင်၊ နမ္မတီး၊ မရန်ကထောင် စတဲ့ စစ်ကောင်စီဂိတ်တွေမှာ ခရီးသွားပြည်သူတွေကို ရှောင်တခင် စစ်ဆေးတာတွေ ပြုလုပ်နေတဲ့အပြင် ကားသမားတွေအနေနဲ့လည်း လမ်းတစ်လျှောက် စစ်ကောင်စီဂိတ်အချို့မှာ ပေးဆောင်ရတဲ့ ဂိတ်ဖြတ်ကြေး စုစုပေါင်း ခန့်မှန်း ကျပ်သုံးသောင်းကျော်အထိ ရှိတယ်လို့ သိရှိရပါတယ်။

ပျက်စီးနေတဲ့ ကားလမ်းတွေဟာ မိုးရွာသွန်းမှုကြောင့်သာမက ကုန်တင်ကားကြီးတွေလိုမျိုး ကားအကြီးတွေ ဖြတ်သန်းသွားလာမှု များတဲ့အတွက်ကြောင့်ပါ ရွှံ့တောတွေလိုမျိုး ပျက်စီးနေတာလို့ ဆိုပါယ်။

ရွှံ့တွေမှာ နစ်နေတဲ့ ကားတွေကို ဆင်၊ ဘက်ဟိုး၊ လယ်ထွန်စက်တွေနဲ့ ဆွဲယူနေရတဲ့ အခြေအနေရှိနေပြီး ကားဆွဲခ တစ်ခေါက်ကို ကျပ်နှစ်သောင်းလောက်အထိ ပေးရတယ်လို့ အထက်ပါ ခရီးသွားပြည်သူတစ်ဦးက ဆိုပါတယ်။

နစ်နေတဲ့ နေရာက ခြေလှမ်း ၁၅ လှမ်းတောင် မရှိဘူး။ ကားတစ်ခေါက်ဆွဲက နှစ်သောင်းတောင် ပေးရတာ။ တစ်ချို့ကားဆို ပျက်တောင်ပျက်တယ်။ စုတ်ပြတ်သတ်သွားတာ။ ကားသမားတွေလည်း ကားပြန်ပြင်ရင် ယူတဲ့ကားခနဲ့ဆို မြတ်မလားတောင် မသိဘူး။လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း အခုလို ကားခတွေ ဈေးနှုန်းမြင့်တက်သွားတဲ့အတွက် တောင်သူလယ်သမားတွေအနဲ့ ခရီးသွားလာဖို့ ငွေကြေးပိုင်းဆိုင်ရာ အခက်အခဲ ဖြစ်နေရတယ်လို့ တနိုင်းဒေသခံပြည်သူတစ်ဦးကလည်း အခုလို ပြောပါတယ်။

အရမ်းခက်တာပေါ့။ လယ်လုပ်၊ တောတောင်တွေထဲ ဟင်းသီးဟင်းရွက်တွေပဲ ရှာစားပြီးနေတာ ဆိုတော့ အရမ်းခက်တာပေါ့။ မြစ်ကြီးနားဘက် ဆွေမျိုးသွားတွေ့ချင်ရင်တောင် မလွယ်တော့ဘူး။ ခရီးသွားလာဖို့က ခက်သွားပြီ။လို့ ဆိုပါတယ်။

အခုလို မြစ်ကြီးနား-တနိုင်းလမ်းပိုင်း ပျက်စီးနေတာဟာ တစ်လလောက် ရှိလာပြီဖြစ်ပြီး ဩဂုတ်လကုန်ပိုင်းလောက်ကလည်း အဲဒီလမ်းပိုင်းမှာ အတက်၊ အဆင်းလုပ်နေတဲ့ ကားတွေ အစီး ၂၀၀ လောက် ပိတ်မိတဲ့အထိ ဖြစ်ခဲ့တယ်လို့ သိရှိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here