ဩဂုတ်၊ ၃၀
တရုတ်နိုင်ငံနဲ့အတူ ကာကွယ်ရေးနဲ့ လုံခြုံရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုကို အဆင့်မြှင့်တင်သွားချင်တယ်လို့ စစ်ကောင်စီက မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးကို ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ရက်နေ့က နေပြည်တော်မှာ သံအမတ်ကြီးနဲ့ စစ်ကောင်စီရဲ့ ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးတင်အောင်စန်းတို့ တွေ့ဆုံတဲ့အချိန် အဲဒီလိုပြောဆိုခဲ့တာဖြစ်တယ်လို့ တရုတ်သံရုံးက ဒီနေ့ထုတ်ပြန်လိုက်တာပါ။
“လတ်တလောနှစ်များအတွင်း တရုတ်-မြန်မာ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုတွင် ရလဒ်များစွာရရှိခဲ့မှုကို ပြန်လည်သုံးသပ်ခဲ့ကာ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ၏ ကာကွယ်ရေးနှင့် တပ်မတော်တည်ဆောက်ရေးအတွက် ထောက်ပံ့ကူညီမှုများပေးအပ်ခဲ့မှုအပေါ် ကျေးဇူးတင်ရှိပါကြောင်း” ဆိုပြီး စစ်ကောင်စီဘက်က ပြောခဲ့တယ်လို့လည်း သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံဘက်ကလည်း တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်မှုအတွက် မြှင်တင်သွားမယ်လို့ ပြောဆိုခဲ့ပြီး တပ်မတော် ၂ ရပ်ပူးပေါင်းဆောင်ရွက်မှုဟာ တရုတ်-မြန်မာချစ်ကြည်ရေးရဲ့ အရေးကြီးဖွဲ့စည်းပုံအစိတ်အပိုင်းဖြစ်တဲ့အကြောင်း ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
၁၀၂၇ ဒုတိလှိုင်းစပြီးတဲ့နောက် စစ်ကောင်စီဟာ အနည်းဆုံး မြို့ ၈ မြို့ကို လက်လွှတ်ခဲ့ရပြီး ဒီကာလအတွင်းမှာလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ မြန်မာနိုင်ငံကိုလာပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။
အဲဒီနောက် ဒီနေ့ မနက်ပိုင်းမှာပဲ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကို ချက်ခြင်းအပစ်ရပ်ဖို့ တရုတ်က စာပို့ခြိမ်းခြောက်တဲ့စာ ပျံ့နှံ့နေတဲ့အကြောင်း သတင်းမီဒီယာတွေမှာ ရေးသားနေတာကိုလည်းတွေ့နေရပါတယ်။
လက်ရှိအချိန်မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းက နယ်စပ်ကုန်သွယ်ရေးအတွက် အရေးကြီးတဲ့ မူဆယ်မြို့ကိုပဲ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ပြီး ကျန်တဲ့မြို့တော်တော်များများကိုတော့ တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားတာပါ။
ဒါ့အပြင် စစ်တပ်မြို့ ပြင်ဦးလွင်ရဲ့ အရှေ့တောင်ဘက်မှာရှိပြီး ရှမ်းပြည်နယ်တောင်ပိုင်း-မြောက်ပိုင်း လမ်းပန်းဆက်သွယ်ရေးအတွက် အရေးကြီးတဲ့ တောင်ခမ်းဒေသက စစ်ကောင်စီတပ်တွေကိုလည်း တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်နေတာပါ။
အဲဒီလိုအချိန်မှာ တရုတ်ဘက်က TNLA ကိုအပစ်ရပ်ဖို့ဆိုတဲ့စာ ထွက်ပေါ်လာသလို တရုတ်သံရုံးကလည်း ဒီနေ့မနက်မှာ နှစ်နိုင်ငံစစ်တပ်ရဲ့ ပူးပေါင်းဆောင်ရွက်မှုအကြောင်းကို ထုတ်ပြန်လာတာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်တွေဟာ တော်လှန်ရေးအင်အားစုတွေဆီကို မြို့ပေါင်း ၈၀ လောက် လက်လွှတ်ထားရသလို ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့တွေကိုလည်း တစ်မြို့မှ ပြန်မသိမ်းနိုင်သေးပါဘူး။







