ဩဂုတ်၊၃၀
ကချင်ပြည်နယ်၊ ဖားကန့်ကျောက်စိမ်းတွင်းဒေသက ရပ်ကွက်အချို့မှာ ATOM(Telenor) ဖုန်းလိုင်း ပြန်လည်ရရှိနေပေမဲ့ ဆက်သွယ်ရခက်ခဲနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြးခဲ့တဲ့ ဩဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်းကစပြီး ဖားကန့်မြို့က နမ့်မဖြစ်ရပ်ကွက်၊မော်ဝမ်းရပ်ကွက်နဲ့ ယူမာ စတဲ့ရပ်ကွက်တွေဘက်မှာ Telenor (Atom)ဖုန်းဆက်သွယ်ရေးလိုင်းတွေ ပေါ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလိုအခြေအနေကြောင့် ပြည်သူတွေအနေနဲ့ ဖုန်းလိုင်းရတဲ့ နေရာတွေမှာ ဖုန်းဆက်နေကြတာ တွေ့တယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“ရပေမဲ့ အရမ်းကြီးရတာတော့ မဟုတ်သေးဘူး။ လမ်းဘေး တွေမှာရပ်ပြီး ဆိုင်ကယ်တွေပေါ်မှာ ထိုင်ပြီးဆက်နေကြတာ။ လိုင်းက ပျောက်လိုက်ပေါ်လိုက်နဲ့ တချို့ အသံတောင်မကြားရဘူးတဲ့။”လို့အထက်ပါ အမျိုးသားက ပြောပါတယ်။
ဖားကန့်မြို့မှာ Telenor ဖုန်းဆက်သွယ်ရေးလိုင်းပေါ်နေပေမဲ့ ဖုန်းခေါ်ဆို ခက်ခဲနေသေးပြီး တစ်ဖက်က ဆက်သွယ်လာမှသာ ပြောဆိုလို့ရတယ်လို့ ဖားကန့်ဒေသခံ အမျိုးသမီးတစ်ဦးရဲ့ ပြောချက်အရ သိရပါတယ်။
ဖားကန့်ဒေသမှာ ဖုန်းနဲ့အင်တာနက်လိုင်းတွေ ပြတ်တောက်နေတဲ့အပြင် တိုက်ပွဲတွေကြောင့် လမ်းတွေ ပိတ်ခံထားရတဲ့အတွက် ကုန်စီးဆင်းမှုမရှိတာကြောင့် ကုန်ဈေးနှုန်းတွေ တစ်နေ့ထက်တစ်နေ့ မြင့်တက်နေတာဖြစ်ပါတယ်။
အင်တာနက်အသုံးပြုလိုသူတွေအနေနဲ့လည်း Wifi (Star Link၊ IP Star စသည်) ရတဲ့နေရာမှာ တစ်နာရီကို ကျပ်သုံးသောင်းခန့်အထိ ပေးဆောင်ပြီး တန်းစီအသုံးပြုနေရတဲ့ အခြေအနေလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေကစပြီး မြစ်ကြီးနားမြို့အပါအဝင် ကချင်ပြည်နယ်အတွင်းက မြို့နယ်အများပိုင်းမှာ MPT၊ Ooredoo၊Mytelနဲ့ Atom ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်ခဲ့တာဖြစ်ပြီး ဆက်သွယ်ရေးလိုင်းတွေမရတာ တစ်လကျော်နေပြီ ဖြစ်ပါတယ်။