မတ်၊၁၁
ကသိုင်းတောင်က စစ်ကောင်စီတပ်စခန်းကို ဒီကနေ့ညနေ ၅ နာရီခွဲအချိန်က ကချင်လွတ်လပ်ရေး တပ်မတော်(KIA) ပူးပေါင်းတပ်တွေကနေ သွားရောက်တိုက်ခိုက်တဲ့အချိန် စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။
KIA၊KPDF ပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ထွက်ခွာသွားတဲ့အတွက် စခန်းကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ KIAနဲ့ နီးစပ်တဲ့ ဒေသခံအမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“ဒီညနေ ၅ နာရီ၁၀ မိနစ်က စတိုက်တာ။ ၅ နာရီခွဲ လောက်မှာ ကသိုင်းတောင်စခန်းက စစ်ကောင်စီတပ်တွေ အကုန်လုံး ထွက်ပြေးသွားတယ်။စခန်းလည်း သိမ်းနိုင်ခဲ့တယ်”လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း ကသိုင်းတောင်တပ်စခန်းကို သိမ်းပိုက်လိုက်ကြောင်း မြစ်ကြီးနားသတင်းဂျာနယ်ကို အတည်ပြုပါတယ်။
အထက်ပါ ကသိုင်းတောင် စစ်ကောင်စီစခန်းမှာ စစ်ကောင်စီတပ်သားနဲ့ရဲ အပါအဝင် အင်အား ၅၀ လောက်ရှိပြီး နမ့်မှော် တန်သုံးထောင် စစ်ကောင်စီစခန်းဘက်ကို သွားလိုက်တယ်လို့လည်း နောက်ထပ် ဒေသခံတစ်ဦးရဲ့ ပြောချက်အရသိရပါတယ်။
ဒီကနေ့ မနက်အစောပိုင်းမှာလည်း ကသိုင်းတောင်က အိမ်စီးကားငါးစီးနဲ့ ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို နန့်မှော်ကျေးရွာအုပ်စု၊ အောင်စုကျော်ကျေးရွာမှာ KIA တပ်ပူးပေါင်းတပ်တွေကနေ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ကားလေးစီး၊ လက်နက်ခဲယမ်းအပြင် စစ်ကောင်စီတပ်သား နှစ်ဦးကိုလည်း အရှင်ဖမ်းမိခဲ့ပြီး သေဆုံးသူတွေလည်း ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့ကလည်း အဲဒီကသိုင်းတောင် စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်တွေ သွားရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စခန်းကို ဖျက်ဆီးခဲ့ပါတယ်။
အဲဒီနောက် စစ်ကောင်စီကနေ ပြန်တပ်စွဲနေထိုင်နေတာဖြစ်ပြီး အခု ဒုတိယအကြိမ် ပြန်လည်တိုက်ခိုက် သိမ်းပိုက်ခဲ့တာပါ။
ကသိုင်းတောင်တပ်စခန်းဟာ ဖားကန့်မြို့နယ်၊ နမ့်မှော်ကျေးရွာနဲ့ တာမခန်ကျေးရွာကြားမှာ တည်ရှိတာလည်း ဖြစ်ပါတယ်။







