ဇန်နဝါရီ၊၂၉
ကချင်ပြည်နယ်၊ မိုးကောင်း- ကာမိုင်းကြားက နမ်ရှန်စစ်ကောင်စီတပ်စခန်းတစ်ခုလုံး ဇန်နဝါရီလ ၂၆ ရက်နေ့က တပ်ဆုတ်ပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အင်အား၂၀ ထက်မနည်းမရှိတဲ့ အထက်ပါတပ်စခန်းဟာ ၅ နှစ်လောက်စခန်းထိုင်ပြီးနောက် အခုလိုရုတ်တရက် ကာမိုင်းဘက် စခန်းဆုတ်ခွာသွားတာဖြစ်တယ်လို့ နမ်ရှန်ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“ကာမိုင်းဘက် သူဆို့ဟာသူတို့ တပ်ဆုတ်သွားကြတာ။ မနေ့က KIAတွေ အကုန်မီးရှို့ပစ်လိုက်ကြပြီ။ ” လို့ ဒေသခံက ဆိုပါတယ်။
နှစ်ဖက်တပ် ပစ်ခတ်တိုက်ခိုက်မှု မရှိဘဲ တပ်စခန်းတစ်ခုလုံး ဆုတ်ခွာသွားကြတာဖြစ်တယ်လို့ နောက်ထပ် ဒေသခံပြည်သူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
အထက်ပါ စစ်ကောင်စီတပ်စခန်းဟာ နမ်ရှန်ရွာအနောက်ဘက် တောင်ကုန်းမှာ တပ်စခန်းချထားတာဖြစ်ပြီး သတင်းတစ်စုံတစ်ခု ကြားသိရတဲ့အချိန်မျိုးတွေမှာ လက်နက်ကြီး ပစ်ခတ်လေ့ရှိတဲ့ စခန်းတစ်ခု ဖြစ်တယ်လို့လည်း သိရပါတယ်။
အခုလို တပ်စခန်းတစ်ခုလုံး ရုတ်တစ်ရက်ဆုတ်ခွာသွားတာဟာ စစ်သားအင်အားနည်းတဲ့အတွက် ဖြစ်နိုင်တယ်လို့လည်း ဒေသခံက ခန့်မှန်းပြောဆိုပါတယ်။
နမ်ရှန်ကျေးရွာဟာ မိုးကောင်းမြို့နယ်အတွင်းပါရှိပြီး မိုးကောင်း-ကာမိုင်းမြို့ကြားမှာတည်ရှိတဲ့အပြင် အိမ်ခြေ၅၀၀နီးပါး နေထိုင်တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တစ်နှစ်တာကာလအတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲပေါင်း ၅၆၃ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်စခန်း ကြီး/ငယ်ပေါင်း ၂၃ ခု သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် စစ်ကောင်စီတပ်ကနေ မိမိသဘောနဲ့ တပ်ဆုတ်သွားတဲ့ စခန်း ၈ ခုလောက်အထိ ရှိတယ်လို့ KIO/KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို ဖြေကြားထားပါတယ်။







