ဒီဇင်ဘာ၊ ၁
စစ်ကောင်စီရဲ့ လက်နက်စက်ရုံတစ်ခုဖြစ်တဲ့ မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်ထဲက အမှတ်(၂၀) ကာကွယ်ရေးပစ္စည်းစက်ရုံကို မနေ့ညက ဒုံးအလုံး ၂၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တိုက်ခိုက်ခဲ့တဲ့အဖွဲ့တွေဆီက သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကိုတော့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA(Magway) နဲ့ Z-Fighter ပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်း၍ MH-60R Rocket တွေနဲ့ ပစ်ခတ်ခဲ့တာလို့ PRA (Magway) က ထုတ်ပြန်ထားပါတယ်။
မြေပြင်အတည်ပြုချက်တွေအရ စက်ရုံဝင်းနဲ့ စက်ရုံအဆောက်အဉီတွေထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး အခုနေ့လယ်ပိုင်းအထိ ယမ်းသိုလှောင်ရုံမီးလောင်နေတယ်လို့ သိရပါတယ်။
“ကပစ စက်ရုံတွေ မလည်ပတ်နိုင်တော့အရင် ကျနော်တို့အတွက် တင်မဟုတ်ဘဲ တစ်နိုင်ငံလုံးမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေအတွက် အထောက်အကူ ဖြစ်စေနိုင်တယ်လို့ ကျနော်တို့အနေနဲ့ယုံကြည်တယ်” လို့ PRA (Magway) ရဲ့ ဦးစီးချုပ် ကိုနောင်သူရိန်က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
အခုစစ်ဆင်ရေးဟာ မဟာဗျူဟာမြောက် ပစ်မှတ်တွေကိုချေမှုန်းတဲ့စစ်ဆင်ရေးဖြစ်ပြီး စစ်ကောင်စီတပ်သားတွေထိခိုက်မှုနဲ့ စစ်တပ်အဆောက်အဦးတွေ ပျက်စီးမှုအခြေအနေကိုတော့ စုံစမ်းနေတုန်းပဲလို့ PRA က ဆိုပါတယ်။
PRA အနေနဲ့ ဒေသအသီးသီး လူမျိုးစုအသီးသီးရဲ့ တိုက်ပွဲတွေနဲ့အတူ ဟန်ချက်ညီညီ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ပြီး မကွေးတိုင်းဧရာဝတီမြစ် အနောက်ဘက်ခြမ်းဒေသ လွတ်မြောက်ရေးအတွက်လည်း မဟာမိတ်အင်အားစုတွေနဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း သိရပါတယ်။
၂၀၂၂ ခုနှစ်တုန်းကလည်း မကွေးတိုင်း၊ မင်းလှမြို့နယ်ထဲမှာရှိတဲ့ ကပစ ၁၀ နဲ့ ငဖဲမြို့နယ်ထဲမှာရှိတဲ့ ကပစ ၁၄ စက်ရုံတွေကို PRA က ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ဒါဇင်နဲ့ချီသေဆုံးခဲ့ပါသေးတယ်။







