အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းထဲက စစ်တပ်ရဲ့ ဗျူဟာကုန်း တစ်ကုန်းလုံး လက်နက်ချ

174

 

ဇန်နဝါရီ၊ ၇

ရခိုင်ပြည်နယ်၊ ကျော်တော်မြို့နယ်မှာရှိတဲ့ စစ်တပ်ရဲ့ တောင်ရှည်တောင် ဗျူဟာကုန်းက စစ်သားတွေအကုန်လုံး တစ်ယောက်မကျန် လက်နက်ချအညံ့ခံခဲ့တယ်လို့ ညီနောင်မဟာမိတ် (၃) ဖွဲ့ဆီကနေ သိရပါတယ်။

အဲဒီဗျူဟာကုန်းက စစ်သားတွေဟာ မနေ့က ဇန်နဝါရီ ၆ ရက်နေ့ ညနေပိုင်းမှာ လက်နက်ချခဲ့တာ ဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့ ညီနောင် ၃ ဖွဲ့က ကြေညာထားပါတယ်။

ကျောက်တော်မြို့ဟာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နဲ့ ထိစပ်နေပြီး အဲဒီဒေသတဝိုက်ဟာ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးတဲ့နောက် တိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေခဲ့တာဖြစ်ပါတယ်။

အခုနှစ်အစပိုင်းမှာပဲ စစ်ကောင်စီရဲ့ အတွဲလိုက်ဒုံးတွေ၊ လက်နက်ကြီးတွေ၊ ဒရုန်းတွေ၊ လေယာဉ်တွေနဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် ဒေသခံ ၃ ယောက်ထက်မနည်း သေဆုံးခဲ့သလို ပြည်သူအနည်းဆုံး ၁၀ ယောက်ကျော်ဟာလည်း ဒဏ်ရာတွေရှိခဲ့တယ်လို့ ညီနောင် ၃ ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အခု တောင်ရှည်တောင် ဗျူဟာကုန်းလက်နက်ချက်ခဲ့တဲ့ ကျောက်တော်မြို့ရဲ့ မြောက်ဘက် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲက စစ်တပ်ရဲ့ တရွန်အိုင်နဲ့ နှုံးဘူးဗျူဟာကုန်းတွေကိုလည်း ရက္ခိုင့်တပ်တော် (AA) ၁၀၂၇ စစ်ဆင်ရေးတွေ စတင်ပြီးတဲ့နောက် သိမ်းပိုက်ထားပါတယ်။

ဒါ့အပြင် အခုအချိန်မှာလည်း ပလက်ဝ မြို့နယ်ထဲက ကျန်တဲ့ စစ်တပ်စခန်းတွေနဲ့ ဗျူဟာကုန်းတွေကိုလည်း သိမ်းပိုက်ရရှိရေး တိုက်ခိုက်နေတယ်လို့ ညီနောင် ၃ ဖွဲ့က အသိပေးထားပါတယ်။

ကျောက်တော်-ပလက်ဝ လမ်းကြောင်းဟာ အိန္ဒိယ-မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေးအတွက် အရေးကြီးတဲ့ ကုန်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ်ပြီး ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းကိုလည်း နှစ်နိုင်ငံပူးပေါင်းဖော်ဆောင်နေတဲ့ လမ်းကြောင်းဖြစ်ပါတယ်။

ရက္ခိုင့်တပ်တော် (AA) ကလည်း ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ စစ်တပ်စခန်းတွေအကုန်လုံးကို တစ်ခုမှမကျန်အောင် အပြတ်ချေမှုန်းသွားမယ်လို့ ကြေညာထားပါတယ်။

ဒါ့အပြင် ဇန်နဝါရီလ (၅) ရက်နေ့မှာလည်း ထောင်ချီတဲ့ တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ဒကစ (လောက်ကိုင်) တစ်ခုလုံးအပါအဝင် ပတ်ဝန်းကျင်အတွင်း ရှိသမျှသော တပ်ရင်းစခန်းအားလုံး ညီနောင်သုံးဖွဲ့ဆီ လက်နက်ချအညံ့ခံခဲ့ကြပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here