နိုဝင်ဘာ၊ ၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်ထဲမှာရှိတဲ့ မိုင်းကျက် စစ်ကောင်စီတပ်စခန်းကို တစ်လနီးပါးကြာ တိုက်ခိုက်ပြီးတဲ့နောက် သိမ်းပိုက်နိုင်ခဲ့ပြီလို့ တအာင်းတပ်မတော်(TNLA) က ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။
အဲဒီစခန်းကို ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကတည်းက တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၂၈ ရက်အကြာ ဒီနေ့မနက် တစ်နာရီမထိုးခင် သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
စခန်းသိမ်းပြီးတဲ့နောက် ထုတ်ပြန်ခဲ့တဲ့ ဗွီဒီယိုဖိုင်မှာလည်း အဲဒီစခန်းက လက်နက်ငယ် ၂၀ ဝန်းကျင်နဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းမိခဲ့တဲ့အကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် အဲဒီစခန်းကနေ စစ်ကောင်စီရဲ့ ဟောင်ဝပ်ဇာ အမြောက်ကြီး ၂ လက်ကို သိမ်းနိုင်ခဲ့ပြီး တစ်လက်ကတော့ ပျက်စီးနေတယ်လို့ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိတဲ့ ရုံးဌာနက တာဝန်ရှိသူအမျိုးသမီးတစ်ယောက်က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
အဲဒီစခန်းဟာ စစ်ကောင်စီရဲ့ အရေးပါတဲ့စခန်းကြီးတစ်ခုဖြစ်ပြီး စခန်းသိမ်းနောက်ဆက်တွဲ အသေးစိတ်တွေကိုတော့ မသိရသေးဘူးလို့ အဲဒီအမျိုးသမီးက ဆိုပါတယ်။ စခန်းသိမ်းတိုက်ပွဲပြုလုပ်နေတဲ့ အချိန်မှာလည်း စစ်ကောင်စီဘက်က အမြောက်ပစ်ကူနဲ့ လေကြောင်းပစ်ကူ အကြိမ်ကြိမ်ပေးပြီး ခုခံခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
မိုင်းကျက်စခန်းဟာ လားရှိုးမြို့နယ်ရဲ့ အရှေ့မြောက်ဘက်၊ သန္နီမြို့ရဲ့ အရှေ့တောင်ဘက်နဲ့ ကွမ်းလုံမြို့ရဲ့ အနောက်တောင်ဘက်မှာ ရှိတဲ့စခန်းဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးစတင်ပြီးတဲ့နောက် အခုအချိန်ထိ TNLA ဟာ စစ်ကောင်စီရဲ့ စခန်းကြီးငယ်ပေါင်း ၅၀ ဝန်းကျင်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။