သိမ်းမိသည့်လက်နက် များပြားလွန်းသည့်အတွက် စာရင်းပြုစုရန်ခက်ခဲနေဟု MNDAA ပြော

265
ဓါတ်ပုံ- The Kokang

 

နိုဝင်ဘာ၊ ၂

ရှမ်းမြောက်တိုက်ပွဲတွေမှာ သိမ်းမိတဲ့လက်နက်တွေများနေလို့ စာရင်းလုပ်ဖို့ အခက်တွေ့နေတယ်လို့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“အတည်ပြုလို့မရသေးပါဘူးဗျ။ အရမ်းများတော့ စာရင်းဇယားလုပ်ရမှာ နည်းနည်းခက်တယ်။ ပြီးတော့ တိုက်ပွဲတွေလည်း တောက်လျှောက်ဖြစ်နေတော့” လို့ လီကျားဝင်းက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးထုတ်ပြန်ချက်တွေအရတော့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဟာ စစ်ကောင်စီရဲ့ သံချပ်ကာယာဉ် ၆ စီး၊ လက်နက်ငယ်ရာချီ၊ ဗုံးသီးရာချီနဲ့ ဒါဇင်နဲ့ချီတဲ့အမြောက်တွေ သိမ်းနိုင်ခဲ့တာကို တွေ့ရပါတယ်။

အခုအချိန်မှာတော့ စစ်ဆင်ရေး ၇ ရက်မြောက်နေ့မှာ ရှမ်းမြောက်က စစ်ကောင်စီရဲ့ စခန်း ၈၉ ခုကိုသိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ညီနောင်အဖွဲ့တွေဆီ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာလည်း အယောက် ၁၀၀ ကျော်ရှိနေပြီး အဲဒီထဲမှာ အရာရှိဘယ်နှယောက်ပါလဲဆိုတာကိုတော့ လုံခြုံရေးကြောင့် ပြောလို့မရသေးဘူးလို့ လီကျားဝင်းက ဆိုပါတယ်။

ကိုးကန့်ဒေသကို ရာခိုင်နှုန်းအရ ဘယ်လောက်ထိန်းချုပ်နိုင်ပြီလည်းဆိုတဲ့ မြစ်ကြီးနားသတင်းဂျာနယ်ရဲ့ မေးမြန်းမှုကိုတော့ သူတို့အနေနဲ့ ချင်းရွှေဟော်ကို ပိုင်ပိုင်နိုင်နိုင်သိမ်းထားတယ်လို့ပဲ ပြန်ဖြေကြားခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ပြန်ကြားရေးဒုဝန်ကြီး ဇော်မင်းထွန်းကတော့ သူတို့အနေနဲ့ ကြူကုတ်ပန်ဆိုင်း၊ ဖောင်းဆိုင်နဲ့ ချင်းရွှေဟော်မြို့တို့ကို လက်လွှတ်လိုက်ရတယ်လို့ ဝန်ခံထားပါတယ်။

ညီနောင် ၃ ဖွဲ့ဟာ အွန်လိုင်းလောင်းကစား လိမ်လည်မှုပပျောက်ရေးနဲ့ စစ်အာဏာရှင်အမြစ်ပြတ်ရေးအတွက်ဆိုပြီး ၁၀၂၇ နာမည်နဲ့ စစ်ဆင်ရေးကို အောက်တိုဘာ ၂၇ ရက်နေ့မနက် ၄ နာရီအချိန် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စတင်ခဲ့တာဖြစ်ပါတယ်။

ဓါတ်ပုံ- The Kokang

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here