နိုဝင်ဘာ၊၃
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF) စုစုပေါင်း တပ်သား ၁၀ ဦးတို့ဟာ လက်နက်ခဲယမ်းတွေနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာချုပ်ဆီ အလင်းဝင်ရောက်လာတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး အတည်မပြုနိုင်သေးဘူးလို့ KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
နိုဝင်ဘာလ ၂ ရက်နေ့က အထက်ပါ တပ်သားတွေဟာ လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်ခဲ့တယ်လို့ စစ်ကောင်စီပိုင် သတင်းမီဒီယာမှာ ဖော်ပြထားတာဖြစ်ပါတယ်။
“ဆက်ပြီးတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။ အတည်မပြုနိုင်သေးဘူး။ သတင်းတွေတော့ ကြားတယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
AK-47 ၄ လက်၊ KO လက်နက်ငယ် ၂လက်၊ AK-47 ၄၀တွဲ တစ်လက်၊ 79 ၂လက်၊ စနိုက်ဘာ ၁ လက်၊ ၅.၅၆ ကျည် ၄၅၀တောင့်၊ ၇.၆၂ စနိုက်ဘာကျည် ၁၅၀ တောင့်၊ ၄၀ မမ ဗုံးသီး ၂၉လုံး၊ ကြိုးဆွဲလက်ပစ်ဗုံး ၁၆ လုံး၊ ကျည်အိမ်မျိုးစုံ ၂၇ ခုအပြင် ဆက်စပ်ပစ္စည်းတွေနဲ့အတူ KIA/PDF ၁၀ ဦးတို့ဟာ အလင်းဝင်ရောက်လာခဲ့တယ်လို့ စစ်ကောင်စီက ဖော်ပြထားတာပါ။
အထက်ပါ တပ်သား ၁၀ ဦးတို့ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ ဗလမင်းထင်ခန်းမမှာ အခမ်းအနားပြုလုပ်ပြီး လက်ခံကြိုဆိုနေပုံကို စစ်ကောင်စီပိုင် သတင်းမီဒီယာမှာ ထုတ်လွှင့်ခဲ့ပါတယ်။
လက်ရှိအချိန် ကချင်ပြည်နယ်အတွင်း စစ်ကောင်စီနဲ့ KIA တို့ စစ်ရေးတင်းမာလျက်ရှိပြီး အောက်တိုဘာလ ၂၇ရက်နေ့က စတင်လိုက်တဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့ရဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးဟာလည်း စစ်ကောင်စီစခန်း ၉၀ ကျော် သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်သား ၁၀၀ ကျော်အထိ အလင်းဝင်ရောက်ထားတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီနောက်မှာပဲ မနေ့ နိုဝင်ဘာလ ၂ ရက်နေ့မှာ စစ်ကောင်စီပိုင် သတင်းမီဒီယာတွေကနေ အထက်ပါအတိုင်း KIA/PDF တွေ အလင်းဝင်ရောက်ကြောင်း ဖော်ပြလာခဲ့တာလည်း ဖြစ်ပါတယ်။







