ဇန်နဝါရီ၊ ၃၁
လူထုအနေနဲ့ နွေဦးတော်လှန်ရေးအလွန်ကာလကို ဖြတ်သန်းရတော့မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတဒူဝါလရှီးလက ဒီနေ့ညပိုင်းမှာ ပြောဆိုလိုက်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ကျရောက်မယ့် နွေဦးတော်လှန်ရေး ၃ နှစ်ပြည့်အတွက် နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောတဲ့အချိန် သမ္မတက အဲဒီလို ထည့်သွင်းပြောကြားခဲ့တာပါ။
“ကျွန်တော်တို့ တိုင်းပြည်နဲ့လူထုဟာ နွေဦးတော်လှန်ရေးအလွန်ကာလကို ဖြတ်သန်းရဖို့ နီးကပ်လာပြီဖြစ်ပါတယ်။ အဲဒီကာလမှာ ကြားကာလအသွင်ကူးပြောင်းရေးဖြစ်စဉ်ကို ညီညွတ်စွာဝိုင်းဝန်းတည်ဆောက်ပြီး အာမခံရှိတဲ့ ငြိမ်းချမ်းသောလူ့ဘောင်၊ လွတ်လပ်သောလူ့ဘောင် အဖွဲ့အစည်းကို တည်ဆောက်ကြဖို့ ဖြစ်ပါတယ်” လို့ သမ္မတက ပြောပါတယ်။
ဒါ့အပြင် တော်လှန်ရေးကာလအတွင်းမှာ တည်ဆောက်ရေးကိုလည်း တပြိုင်ထဲလုပ်နေပြီး တော်လှန်ရေးအဖွဲ့တွေအနေနဲ့ စည်းလုံးကြဖို့သမ္မတက ဆိုပါတယ်။
“အနာဂတ်နိုင်ငံသစ်မှာ ပဋိပက္ခသစ်တွေကို ထပ်မံမပေါ်ပေါက်စေဖို့ အမြော်အမြင်ရှိရှိနဲ့ ကြိုးစားနေကြပါတယ်”လို့လည်း သမ္မတက ပြောပါတယ်။
ဒီနေ့မနက်ပိုင်း မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအဖွဲ့တွေရဲ့ ဘုံသဘောထားရပ်တည်ချက်ဆိုပြီး ဒီနေ့မနက်ပိုင်းမှာ ကြေညာခဲ့ပါသေးတယ်။
အဲဒီ ကြေညာချက်ထဲမှာတော့ တော်လှန်ရေးအင်အားစုတွေရဲ့ နိုင်ငံရေးဦးတည်ချက် ၆ ရပ်ကို လက်ခံရင် စစ်အာဏာသိမ်းအဆုံးသတ်မှုနဲ့ ငြိမ်းချမ်းတဲ့ အာဏာလွှဲပြောင်းတဲ့ကိစ္စကို ဆွေးနွေးသွားမယ်ဆိုတာအပြင် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်ရေးအတွက် လုပ်ငန်းစဉ်တွေပါရှိပါတယ်။







