စက်တင်ဘာ၊ ၇
ပြည်သူ့ခုခံတွန်းလှန်စစ် (၂) နှစ်တာကာလအတွင်း စစ်ကောင်စီစစ်သား စုစုပေါင်းရဲ့ ၁၂ ဒဿမ ၅ ရာခိုင်နှုန်းလောက် စစ်မြေပြင်မှာ ပြုန်းတီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့စက်တင်ဘာလ ၇ ရက်နေ့ ပြည်သူ့ခုခံတွန်းလှန်စစ် ၂ နှစ်ပြည့်အစီရင်ခံစာမှာ အခုလိုထည့်သွင်း ဖော်ပြထားတာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ကြည်းတပ်မှာ ခြေလျင်တပ်ရင်း ၂၁၄ ရင်း၊ ခြေမြန်တပ်ရင်း ၃၀၇ ရင်း ရှိတဲ့အတွက် အဓိက မြေပြင်တိုက်ခိုက်ရေးအင်အား ၆၅,၀၀၀ လောက်ရှိမယ်လို့ NUG က ခန့်မှန်းထားပါတယ်။
ဒါ့အပြင် လေတပ်၊ ရေတပ်နဲ့ လက်ရုံးတပ်တွေအပါအဝင် စစ်ကောင်စီရဲ့ စုစုပေါင်းအင်အားဟာ ၂၄၀,၀၀၀ လောက်ရှိနိုင်တယ်လို့ အစီရင်ခံစာက ဆိုထားပါတယ်။
ဒါကြောင့် ပြည်သူ့ခုခံတွန်းလှန်စစ် (၂) နှစ်တာကာလအတွင်း ရန့်သူတပ်သား ၃၀,၀၀၀ လောက်ကို ချေမှုန်းနိုင်ခဲ့တာကြောင့် ၁၂ ဒဿမ ၅ ရာခိုင်နှုန်းလောက် ပြုန်းတီးသွားတာလို့ ဖော်ပြထားတာပါ။
အဲဒီလို စစ်မြေပြင်မှာ ပြုန်းတီးတာတွေသာမက တပ်ပြေးတွေ၊ စစ်တိုက်ဖို့ငြင်းဆန်လို့ ထောင်ချခံရတဲ့သူတွေဟာလည်း ထောင်နဲ့ချီရှိနိုင်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။
ပြည်သူ့ခုခံတွန်းလှန်စစ်ဟာလည်း ပထမနှစ် (၂၀၂၁-၂၂) ကို မဟာဗျူဟာခံစစ်ကာလ အဖြစ် ဖြတ်သန်းခဲ့ရပေမဲ့ ဒုတိယနှစ်ဖြစ်တဲ့ (၂၀၂၂-၂၃) ခုနှစ်ကတော့ မဟာဗျူဟာ ထိုးစစ်အကြိုကာလ အဖြစ် ပြောင်းလဲလာတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့တော့ ပထမနှစ်မှာ စစ်ကောင်စီရဲ့ စစ်စခန်း၊ ရဲစခန်း၊ ပျူစောထီးစခန်း၊ နယ်ခြားစောင့်စခန်းနဲ့ ပြည်သူ့စစ်စခန်းတွေ သိမ်းဆည်းရရှိမှုဟာ ၂၈ ခုသာ ရှိခဲ့ပေမဲ့ ဒုတိယနှစ်မှာတော့ စခန်းပေါင်း ၁၀၇ ခုအထိ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ တော်လှန်ရေးအင်အားစုတွေဘက်က မဟာဗျူဟာထိုးစစ်အတွက် ပြင်ဆင်နေချိန် စစ်ကောင်စီရဲ့ စစ်ရေးအခြေအနေကတော့ မဟာဗျူဟာခံစစ်ကို လျော့ကျသွားပြီလို့လည်း ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူတွေကို အစီရင်ခံတင်ပြထားပါတယ်။







