အနန့်ပါဗုံးကြဲမှုအတွက် တာဝန်ရှိသည့် လေတပ်ဦးစီးချုပ် ဦးဆောင်ကျင်းပမည့် ညီလာခံကို အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့ မတက်

17
ဓါတ်ပုံ- အနန့်ပါလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများအား သင်္ဂြိုလ်‌ထားစဉ်။

 

စက်တင်ဘာ၊ ၈

မြန်မာစစ်တပ် လေတပ်ကာကွယ်ရေးဦးစီးချုပ်က အိမ်ရှင်အဖြစ်ဦးဆောင်မယ့် အာဆီယံလေတပ်အကြီးအကဲ ညီလာခံကို အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတို့လိုပဲ ကျန်တဲ့အာဆီယံနိုင်ငံတွေ မတက်ရောက်ဖို့ Justice for Myanmar (JFM) က ဒီနေ့တောင်းဆိုလိုက်ပါတယ်။

အနန့်ပါအပါအဝင် လေကြောင်းဗုံးကြဲမှုတွေ အတွက်တာဝန်ရှိတဲ့ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးထွန်းအောင်က သဘာပတိအဖြစ်နဲ့ အာဆီယံလေတပ်အကြီးအကဲ ညီလာခံကို နေပြည်တော်မှာ စက်တင်ဘာလ ၁၂ ရက်နေ့ ကနေ ၁၅ ရက်နေ့အထိ ပြုလုပ်သွားဖို့ ရှိနေပါတယ်။

လေတပ်ဦးစီးချုပ်ထွန်းအောင်ဟာ အခုအချိန်မှာ လေကြောင်းစစ်ဆင်ရေးကို အသုံးပြုပြီး ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်တာတွေကို အမိန့်ပေးညွှန်ကြားနေတယ်လို့ JFM က ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ တရားမဝင်စစ်အုပ်စုကို အာဆီယံကာကွယ်ရေးဆိုင်ရာ လုပ်ဆောင်ချက်အားလုံးကနေ ပိတ်ပင်ဖို့နဲ့ မလိုက်နာရင် စစ်အုပ်စုပါဝင်တဲ့ ဘယ်လုပ်ဆောင်ချက်ကိုမှ မတက်ရောက်ဖို့ JFM က တောင်းဆိုလိုက်တာပါ။

JFM ရဲ့ထုတ်ပြန်ချက်မှာတော့ AFP သတင်းဖော်ပြချက်ကိုကိုးကားပြီး ထိုင်းလေတပ်ဦးစီးချုပ်တစ်ယောက်ကပဲ အဲဒီအစည်းအဝေးကိုတက်ဖို့ အတည်ပြုထားပြီး ကျန်တဲ့နိုင်ငံတွေကတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

“အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင်တို့ ငြင်းဆိုလိုက်တာက စစ်အုပ်စုအပေါ် ထောက်ခံမှု ကျရှုံးနေပြီဆိုတဲ့ ရှင်းလင်း ခိုင်မာတဲ့ သတင်းစကား ပေးပို့လိုက်တာဖြစ်ပါတယ်။ အရေးယူခံရခြင်း လုံးဝမရှိဘဲ ရက်စက်ယုတ်မာမှုတွေ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်ကောင်တွေအနေနဲ့ ဒေသတွင်းညီလာခံတစ်ခုရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖို့ လုံးဝမဖြစ်သင့်ပါဘူး” လို့ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။

လေတပ်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ခန့်အပ်ခံရတဲ့ ဗိုလ်ချုပ်ကြီးထွန်းအောင်ဟာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလနောက်ပိုင်း မြန်မာနိုင်ငံတဝန်း အရပ်သားပြည်သူများအပေါ် အဆင်ခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုများကို အမိန့်ပေးကွပ်ကဲခဲ့တဲ့သူဖြစ်တယ်လို့ JFM က ဆိုပါတယ်။

JFM ဟာ မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေ၊ အပြစ်ကျူးလွန်မှုတွေကို အရပ်သားအစိုးရလက်ထက်ကတည်းက ဖော်ထုတ်နေပြီး နိုင်ငံတကာက အပြစ်ပေးအရေးယူမှုတွေလုပ်ပေးဖို့ တောင်းဆိုနေတဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။

JFM က အာဆီယံနိုင်ငံတွေကို တောင်းဆိုတဲ့စာထဲမှာတော့ ဗိုလ်ချုပ်ကြီးထွန်းအောင် တိုက်ရိုက်ဦးစီးကွပ်ကဲ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေရဲ့ သက်သေအထောက်အထားတွေလည်း အများအပြားရှိနေတယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့က စစ်တပ်ရဲ့လေကြောင်းကနေဗုံးကြဲမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ပဇီကြီး ကျေးရွာမှာ စုရုံးရောက်ရှိနေတဲ့ အရပ်သားပြည်သူတွေ အများအပြားသေဆုံးခဲ့ပါတယ်။ အဲဒီဗုံးကြဲမှုမှာ ကလေးသူငယ် ၄၀ အပါအဝင် အနည်းဆုံး လူပေါင်း ၁၆၈ ယောက် သေဆုံးခဲ့တာပါ။

ဒါ့အပြင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့ကလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ အနန့်ပါဒေသက ဂီတ ဖျော်ဖြေပွဲတစ်ခုကိုလည်း စစ်တပ်ကဗုံးကြဲခဲ့တာကြောင့် အနည်းဆုံး လူပေါင်း (၆၀) ကျော် သေဆုံးခဲ့ပါတယ်။

မြစ်ကြီးနားသတင်းဂျာနယ်မှ တင်ဆက်သည့် သတင်းများကို အောက်ပါလင့်ခ်များတွင်လည်း ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here