စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာခြင်းကြောင့် အင်းတော်ကြီးဒေသက ရွှေတူးဖော်မှုများ ရပ်နား

103

 

စက်တင်ဘာ၊၈

စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာတာကြောင့် အင်းတော်ကြီးဒေသမှာ တူးဖော်နေတဲ့ ရွှေလုပ်ကွက်အများစု ရပ်နားထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုင်းနောင်ကျေးရွာနဲ့ မမုံကိုင်ကျေးရွာမှာရှိတဲ့ ရွှေလုပ်ကွက်ကျင်းတွေဘက် လွန်ခဲ့တဲ့ ရက်ပိုင်းတွေက စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာတာကြောင့် စက်ယန္တရားနဲ့ ရွှေတူးဖော်တဲ့သူတွေ ဒီအတောအတွင်း ရပ်နားထားတယ်လို့ အင်းတော်ကြီး ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“အများစု နားတယ်လို့ ကြားတယ်။ လေးငါးရက်တော့ရှိလာပြီ။ လမ်းဘေးနားတွေမှာတော့ ဘက်ဟိုးနဲ့ မဟုတ်ပေမဲ့ မြေစာပုံထားတာကို ဖျောတာတွေ လုပ်နေတယ်။” လို့ ဒေသခံက ဆိုပါတယ်။

နန့်ရင်းခါကြိုးဝိုင်းတစ်ဝိုက် စစ်ရေးလှုပ်ရှားတာ တစ်ပတ်လောက်ရှိလာပြီဖြစ်ပြီး အရင် လမ်းမနံဘေးက ဖြတ်သွားတိုင်းကြားရတဲ့ ရွှေတူးဖော်နေတဲ့ စက်ယန္တရားသံတွေလည်း ဒီရက်ပိုင်းမှာတော့ မကြားရဘူးလို့ နောက်ထပ် အင်းတော်ကြီး ဒေသခံတစ်ဦးကလည်း ဆိုပါတယ်။

“ဒီအပတ်အတောအတွင်းတော့ မမုံကိုင်ဘက်မှာ စစ်ကြောင်းဝင်တယ်တဲ့။ ဒါကြောင့် တချို့ကနားတယ်။ တချို့က ရှောင်ကြတာမျိုးတွေရှိတယ်။ ရွာနဲ့နီးတဲ့ဘက်က ရွှေကျင်း တဲနေရာတွေမှာတော့ ရောက်နေကြတယ်။” လို့ ဒေသခံက ဆက်လက်ပြောပါတယ်။

စစ်ကြောင်းဝင်လို့ စက်ကြီးနဲ့ မောင်းတဲ့သူတွေအပြင် လက်လုပ်လက်စားတူးဖော်သူတွေပါ ထွက်ပြေးနေရတယ်လို့လည်း တခြားဒေသခံဆီက သိရပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံရတဲ့ ပြည်သူတွေလည်းရှိတယ်လို့ ကြားသိရပေမဲ့ တိတိကျကျ အတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

အဲဒီဒေသဘက်မှာရှိတဲ့ KIA တပ်ဖွဲ့က ရွှေတူးဖော်မှုကနေ တစ်ဖက်တစ်လမ်း ဝင်ငွေရတာမျိုးရှိတဲ့အတွက် အဲဒါကို အနှောင့်အယှက်ပေးချင်တဲ့ပုံစံမျိုးနဲ့ အခုလို စစ်ကြောင်းဝင်ရောက်တာ ဖြစ်နိုင်တယ်လို့လည်း ပြောဆိုတာမျိုးတွေလည်း ရှိနေပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here