မြေရှားသတ္တုတူးဖော်တာကို ကန့်ကွက်တာကြောင့် KIA ဖမ်းဆီးထားတဲ့ ဖရဲဒေသခံတွေ ပြန်လည်လွတ်မြောက်လာပြီး သုံးဦးသာကျန်ရှိ

175

 

ဖေဖော်ဝါရီ၊ ၂၆

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ဖမ်းဆီးထားတဲ့ ဖရဲဒေသခံတွေ ပြန်လည်လွတ်မြောက်လာပြီဖြစ်ပြီး ၃ ဦးတော့ ကျန်ရှိနေသေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြေရှားသတ္တုလုပ်ကွက်ကို ကန့်ကွက်တဲ့ ဒေသခံ ၅၀ နီးပါးထဲက ဦးဆောင်ကန့်ကွက်သူလို့ ယူဆထားတဲ့ ၃ ယောက်ကလွဲပြီး ကျန်တဲ့သူအားလုံးကို ခံဝန်ကတိ လက်မှတ်ထိုးခိုင်းပြီးတော့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ လွှတ်ပေးလိုက်တာ ဖြစ်တယ်လို့ ဖရဲဒေသခံတစ်ဦးက ပြောပါတယ်။

ကျောင်းဆရာ နှစ်ယောက်နဲ့ သင်းထောက်တစ်ယောက်ကို ထောင်ထဲထည့်ထားသေးတယ်တဲ့။ ယောက်က တရုတ်နယ်စပ်ဖြစ်လို့ အဲဒီဘက် ထွက်ပြေးလွတ်မြောက်သွားပြီတဲ့။ ကျန်တဲ့သူတွေကိုတော့ သတ္တုနဲ့ပတ်သက်တာ ဆက်ဝင်ရှုပ်ရင်တော့ ဖမ်းချုပ်မှာပဲဆိုပြီး လက်မှတ်ထိုးခိုင်းတယ်တဲ့။“လို့ ဒေသခံက ဆိုပါတယ်။

အခုဆက်ဖမ်းခံထားရတဲ့ ၃ ယောက်ဟာ ရွာထဲမှာ ပြောဆိုတတ်တဲ့သူတွေ ဖြစ်ကြသလို သူတို့ရဲ့ သတင်းတွေကို ဖြန့်တယ်ဆိုပြီး ဖမ်းဆီးထားဆဲ ဖြစ်တယ်လို့လည်း ဒေသခံက ဆက်လက်ပြောပါတယ်။

လက်မှတ်ထိုးပြီး လွတ်လာတဲ့သူတွေဟာ နောင်တစ်ချိန်မှာ KIA ဦးစီးလုပ်ဆောင်တဲ့ သတ္တုလုပ်ကွက်နဲ့ပတ်သက်ပြီး ဝင်ရောက်စွက်ဖက်တာနဲ့ ကန့်ကွက်တာမျိုး လုပ်ဆောင်ခဲ့ရင် ဒီထက်ပိုပြီး အရေးယူသွားမှာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

ဒေသခံတွေကို ဖမ်းဆီးပြီးနောက် သတင်းတွေ အပြင်ကိုမပေါက်ကြားစေနိုင်ဖို့အတွက် KIA ကနေ ရွာအတွင်းက တရုတ်ဖုန်းလိုင်းတွေနဲ့ အင်တာနက်လိုင်းတွေကို ဖြတ်တောက်ပစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒေသခံတွေအားလုံး မှီခိုသောက်သုံးနေတဲ့ ရေသောက်မြစ်ကို ကာကွယ်ဖို့အပြင် စိုက်ပျိုးမြေတွေနဲ့ စားကျက်မြေတွေ ပျက်စီးသွားမှာကို စိုးရိမ်တဲ့အတွက်ကြောင့် အင်အားချင်မမျှပေမဲ့ တတ်နိုင်တဲ့ဘက်က ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်တယ်လို့လည်း ဒေသခံက ဆက်လက်ပြောပါတယ်။

ဖေဖော်ဝါရီလ ၅ ရက်နေ့က မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်း လုပ်ဆောင်နေကြတဲ့ တရုတ်ကုမ္ပဏီရုံးရှေ့မှာ အင်အားပြ ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ဒေသခံတွေကို KIA ကနေ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး KIO/KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို မေးမြန်းတဲ့အချိန် ခေါင်းဆောင်လို့ ယူဆထားသူတွေကလွဲပြီး အားလုံးကို ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်းနဲ့ လုပ်ကွက်တွေကို ရပ်နားလိုက်ဖို့ကိစ္စနဲ့ ပတ်သက်ပြီးတော့ သူ့အနေနဲ့ မသိရှိသေးကြောင်း မြစ်ကြီးနားသတင်းဂျာနယ်ကို ဖြေကြားပါတယ်။

ဖရဲဒေသကို ဦးဇခုန်တိန့်ယိန်းဦးဆောင်တဲ့ ကချင်အထူးဒေသ(၁) ငြိမ်းချမ်းရေးအဖွဲ့(NDAK) အုပ်ချုပ်နေတဲ့ လက်ကနေ KIA က ၂၀၁၂ ခုနှစ်မှာ တိုက်ခိုက်သိမ်းပိုက်ပြီး အုပ်ချုပ်ခဲ့ကြတာဖြစ်ပါတယ်။

အဲဒီနောက် ၂၀၁၉ ခုနှစ်မှာ ပန်ဝါဘက်ကသတ္တုလုပ်ကွက်မှာ သုံးဖို့ တရုတ်ကနေတင်သွင်းတဲ့ မြေဩဇာတွေကို ဖရဲဒေသကဖြတ်ပြီး ပို့ဆောင်ခွင့်ပေးလိုက်တဲ့နောက် တစ်စတစ်စနဲ့ ဖရဲဒေသမှာ မြေရှားတူးဖော်ခဲ့ကြတာ ဒီကနေ့အထိ ဖြစ်ပါတယ်။

မြေရှားသတ္တုတူးလို့ ရရှိလာတဲ့အကျိုးအမြတ်ထဲက ၄၀ ရာခိုင်နှုန်းကို (ငွေအလုံးအရင်း) ဒေသခံတွေကိုပေးပြီး၊ ၄၀ ရာခိုင်နှုန်းကတော့ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအတွက် သုံးစွဲသွားမှာဖြစ်ကြောင်းနဲ့ ကျန် ၂၀ ရာခိုင်နှုန်းကိုသာ KIA အနေနဲ့ ယူမယ်လို့ ဒေသခံတွေနဲ့ ညှိနှိုင်းခဲ့ကြတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဒါပေမဲ့ ဒေသခံတွေကတော့ ညှိနှိုင်းချက်ကို သဘောမတူဘဲ ကန့်ကွက်ခဲ့ကြပြီး ကန့်ကွက်သူတွေကို နည်းလမ်းမျိုးစုံနဲ့ ခြိမ်းခြောက်ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here