နိုဝင်ဘာ၊ ၁၆
ဝိုင်းမော်-လိုင်ဇာလမ်းပေါ်က ကဇူးယန်ကျေးရွာမှာရှိနေတဲ့ နေရပ်ပြန်စစ်ရှောင်ဒေသခံတချို့ နိုဝင်ဘာလ ၁၅ ရက်နေ့ကစပြီး မြို့ဘက်ကိုဒုတိယအကြိမ် ပြန်လည်တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
ကဇူးစစ်ကောင်စီတပ်စခန်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေအပြင် လေကြောင်းပစ်ခတ်မှုတွေပါ ဆက်တိုက်ဖြစ်ပေါ်နေတဲ့အတွက် မနေရဲကြတော့တာကြောင့် အခုလို တိမ်းရှောင်လာကြတာဖြစ်တယ်လို့ ကဇူးယန်ဒေသခံတစ်ဦးက ပြောပါတယ်။
“ခွန်အားရှိတဲ့သူတွေကတော့ စပါးတွေရိတ်သိမ်းယူပြီး သတိနဲ့ရွာထဲနေ။ အားနွဲ့တဲ့ သက်ကြီးရွယ်အိုနဲ့ မိခင်တွေ၊ကလေးတွေတော့ ပြောင်းနှင့်ကြရအောင်လို့ ပြောထားကြပြီ။” လို့ ဒေသခံက ဆိုပါတယ်။
တချို့ရွာသားတွေဟာ အရင်က မိမိနေထိုင်ခဲ့တဲ့ မြစ်ကြီးနားကစစ်ရှောင်စခန်းနဲ့ ဝိုင်းမော်က စစ်ရှောင်စခန်းတွေမှာ ပြန်အကူညီတောင်းခံပြီး ယာယီခိုလှုံကြမှာဖြစ်သလို တချို့ရွာသားတွေကတော့ အောင်မြေ(၂) KBC ဘုရားကျောင်းနဲ့ ဆွေမျိုးအသိုင်းအဝိုင်းတွေဆီ အကူညီတောင်းခံပြီး ယာယီခိုလှုံကြဖို့အတွက် ပြင်ဆင်ထားတယ်လို့လည်း ဆက်လက်ပြောပါတယ်။
အခုလိုတိုက်ပွဲပြန်ဖြစ်ပွားလာတဲ့အတွက် ဒေသခံကျေးရွာသားတွေအားလုံးက လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကလို ရွာကိုပြန်လည်စွန့်ခွာခဲ့ရင် ကဇူးယန်ကျေးရွာ ပြန်လည်ထူထောင်ရေးအတွက် အဖွဲ့အစည်းအသီးသီးက အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ နေအိမ်တွေ၊ ကျောင်းဆောင်တွေ၊ ဆေးပေးခန်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွေ၊ ဘုရားကျောင်းတွေ ပြန်လည်ပျက်စီးသွားမှာကိုလည်း စိုးရိမ်နေကြပါတယ်။
အဲဒါကြောင့် ဒီခေါက်မှာတော့ ရွာသားတွေအားလုံး စွန့်ခွာသွားကြတာမျိုး မလုပ်ဘဲ တချို့သန်မြန်တဲ့ရွာသားတွေကတော့ ဆက်လက်နေထိုင်နေကြဖို့ ဆုံးဖြတ်ထားကြတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
တစ်ဖက်မှာလည်း စစ်တပ်က ရွာမြေတွေကို သိမ်းယူတာတွေ လုပ်လာကြတဲ့အပြင် ရွာသားတွေမနေတဲ့ အိမ်တွေနဲ့ ခြံဝင်းတွေကို မီးရှို့ပစ်မယ်၊ မိုင်းထောင်မယ်လို့ ခြိမ်းခြောက်ပြောဆိုတာမျိုး ရှိနေတယ်လို့လည်း ဒေသခံတစ်ဦးကပြောပါတယ်။
“အဲဒီလိုတွေဖြစ်သွားရင် ရွာထဲမှာ ရွာသားတွေဘယ်သူမှမရှိရင် မဖြစ်ဘူးဆိုပြီး အရမ်းကို အကြိတ်အနယ်ဖြစ်လာရင်လည်း လူကြီးတွေတစ်ယောက်နှစ်ယောက်တော့ ရှိနေအောင်ဆိုပြီး ညှိနှိုင်းကြတယ်။ တကယ်လို့ နှစ်ဖက်တပ်က ပစ်ခတ်လာကြရင်လည်း ရှိနေရမယ်လို့ ပြောတယ်။“လို့ ဆိုပါတယ်။
အဲဒါကြောင့် နိုဝင်ဘာလ ၁၅ ရက်နေ့ အစည်းအဝေးဆုံးဖြတ်ချက်အရ အားနွဲ့တဲ့ ကလေး၊ အသက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတွေကို ရွာထဲက ပြောင်းရွှေ့ခိုင်းခဲ့ပြီး သန်မြန်တဲ့သူတွေကိုသာ ရွာမှာ ဆက်လက်နေထိုင်ဖို့ လုပ်ဆောင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုချိန်ဟာ ကောက်ပဲသီးနှံတွေ ရိတ်သိမ်းချိန်လည်းဖြစ်တာကြောင့် မရိတ်သိမ်းနိုင်မှာကို စိုးရိမ်နေကြရပေမဲ့ ဒေသခံတွေဟာ အသက်လုံခြုံရေးကို အခင်းတွေကိုအဆုံးရှုံးခံပြီး တိမ်းရှောင်ကြရမှာပါ။
အခုချိန်မှာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကဇူးစခန်းသာမက ဆေးပေးခန်းနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကိုလည်း ဝင်ရောက်နေထိုင်နေကြပြီဖြစ်ပြီး စစ်တပ်ဧရိယာတွေအပြင် ဘုရားကျောင်းနဲ့ စာသင်ကျောင်းလမ်းတစ်ဝိုက်မှာ ညဆိုရင် မိုင်ထောင်ထားပြီးတော့ မနက်ကြရင် ပြန်ဖြုတ်တာမျိုးတွေ လုပ်ဆောင်နေကြတယ်လို့လည်း သိရပါတယ်။
အဲဒါကြောင့် ကျေးရွာမူကြိုကျောင်းကို ပိတ်ထားလိုက်ပြီဖြစ်ပြီး မူလတန်းနဲ့ အလယ်တန်းတက်နေတဲ့ ကလေးအယောက် ၂၀ ဝန်းကျင်လောက်ကိုလည်း စစ်တပ်စခန်းတွေနဲ့ဝေးတဲ့ ရွာထဲက နေအိမ်တွေမှာ စာဆက်လက်သင်ကြားပေးနိုင်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။
အိမ်ခြေ ၁၄၀ ကျော်ရှိတဲ့အထဲကအိမ်ခြေ ၄၀ ကျော်လောက်ပဲ ပြောင်းနှင့်ကြမှာဖြစ်တဲ့အတွက် ကျောင်းတက်တဲ့ ကလေးတွေရှိသေးရင်တော့ ကျောင်းကိုဆက်ဖွင့်ဖို့ စီစဉ်ထားတယ်လို့ ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။
“ကျောင်းသားမိဘတွေရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်တယ်။ မလုံခြုံဘူးလို့ထင်ရင်တော့ တခြားကိုပြောင်းပြီး တက်ချင်ရင်တက်။ အသက်နဲ့ဆိုင်တာဖြစ်တဲ့အတွက် ဘယ်သူ့မဆို ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်ပဲ ဖြစ်မယ်။ တချို့က နေနေဦးမှာဖြစ်ပြီး တချို့က ခဏတိမ်းရှောင်တာမျိုးတွေရှိမှာ မို့လို့လေ။”လို့ အထက်ပါရွာခံက ဆိုပါတယ်။
အဲဒီကျေးရွာတစ်ဝိုက်ရှိ ဆမားလမ်းခွဲတစ်လျှောက်ဘက်မှာ ဇူလိုင်လဆန်းကတည်းက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ နေ့တိုင်းဆိုသလို ဖြစ်ပွားနေကြပြီး အောက်တိုဘာနဲ့ နိုဝင်ဘာလအတွင်းမှာ ခပ်စိပ်စိပ်ဖြစ်လာတာကြောင့် ဒေသခံအချို့ တိမ်းရှောင်နေကြတာပါ။
တိမ်းရှောင်ကြသူတွေထဲမှာ ကဇူးယန်ကျေးရွာက ဒေသခံတွေသာမက အနီးတစ်ဝိုက်ကျေးရွာတွေဖြစ်တဲ့ ဒဘတ်ယန်ကျေးရွာနဲ့ ဂါးရာယန်ကျေးရွာက ဒေသခံတချို့လည်း ပါဝင်တယ်လို့ သိရပါတယ်။
အထက်ပါကျေးရွာတွေက နေရပ်ပြန်စစ်ရှောင်ဒေသခံတွေဟာ စစ်ရှောင်စခန်းမှာပဲ အနေကြာရင် ကလေးတွေရဲ့ ရှေ့ရေးနဲ့ မိသားစုစားဝတ်နေရေး တိုးတက်လာတာ၊ ပြောင်းလဲလာတာမျိုးတွေ မရှိတဲ့အတွက် ရွာကိုပြန်ဖို့ဆုံးဖြတ်ပြီး ဒီနှစ်အစောပိုင်းကပဲ အစိုးရခွင့်ပြုချက်နဲ့ နေရပ်ကို တရားဝင်ပြန်လာကြတာဖြစ်ပါတယ်။







