ဇန်နဝါရီ၊ ၂၂
မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသတစ်ဝိုက်မှာ စစ်ကောင်စီလက်အောက်ခံ ရှမ်းနီပြည်သူ့စစ်အဖွဲ့က လူငယ်တွေကို စစ်သားပြုလုပ်ဖို့ အိမ်အရောက် လိုက်လံဖမ်းဆီးခေါ်ဆောင်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက ကြားသိရပါတယ်။
အဲဒီလိုတွေ ပြုလုပ်နေတာ ကြာပြီဖြစ်ပေမဲ့ ဒီရက်ပိုင်းမှာပိုပြီး ခပ်စိပ်စိပ် လုပ်လာတာကြောင့် ဒေသခံလူငယ်တွေသာမက ကျောင်းသားလူငယ်တွေပါ နေအိမ်ကနေ တိမ်းရှောင်နေကြရတယ်လို့ မိုးညှင်းဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ အင်းတော်ကြီး အရှေ့ဘက် ဟဲဘို့၊ ဟဲပါးဘက်မှာ လိုက်စုဆောင်းတာတွေရှိတယ်တဲ့။ ၄/၅ ရက်ရှိပြီတဲ့။ ဘယ်နှစ်ယောက် စုဆောင်းသွားတယ် ဆိုတာကတော့ အတိအကျမသိရှိဘူး။ အဲဒီမှာ ကိုယ်ပိုင်ကျောင်းတက်တဲ့ ကျောင်းသားတချို့ဆိုရင် အဲဒီလို လိုက်စုဆောင်းတာတွေရှိလို့ အိမ်မှာမအိပ်ဘဲ တိမ်းရှောင်နေတဲ့ ဗမာနဲ့ ရှမ်း ကျောင်းသားတွေတောင်ပါတယ်တဲ့။”လို့ ဒေသခံက ဆိုပါတယ်။
ရှမ်းနီပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေဟာ ရှမ်းလူမျိုးနေအိမ်တွေနဲ့ ဗမာလူမျိုး နေအိမ်တွေကို အဓိကပစ်မှတ်ထားပြီး တစ်ညခြားပုံစံနဲ့ အသက်ပြည့်တဲ့လူငယ်တွေသာမက အသက်မပြည့်သေးတဲ့သူတွေကိုပါ ဖမ်းဆီးခေါ်ဆောင်တာတွေ ပြုလုပ်နေကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဗျူစောထီးအဖွဲ့ကလည်း စစ်သားလုပ်ဖို့ တစ်ရွာကို ၅ ယောက် မပေးမနေရ အမိန့်ထုတ်ထားတာရှိတယ်လို့ ကြားသိရကြောင်း အဲဒီဒေသဘက်က တော်လှန်ရေးရဲဘော်တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။
အခုအချိန်မှာ အင်းတော်ကြီးဒေသဘက်က PDF နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ ဗျူစောထီးအဖွဲ့နဲ့ ရှမ်းနီပြည်သူ့စစ်(SNA)တပ်ဖွဲ့ရဲ့လုပ်ရပ်တွေကို စောင့်ကြည့်နေတယ်လို့လည်း အထက်ပါတော်လှန်ရေးရဲဘော်က အခုလိုပြောပါတယ်။
“ဒီအင်းတော်ကြီးကနေတောက်လျှောက် ဟုမ္မလင်းဘက်ကို ဖြတ်ပြီးမှ ရွှေလုပ်မှာလိုလို၊ သစ်လုပ်မှာ လိုလိုနဲ့ စုဆောင်းရေးဆွဲပြီးတော့ ပို့နေတာတွေ နည်းတာမှ မဟုတ်တာ။ မကြာခဏ အစ်ကိုတို့ တွေ့နေတာပဲလေနော်။ တချို့ဟာတွေကြတော့လေ သိတော့သိနေတယ်။ သက်သေမရှိဘဲနဲ့ ဖမ်းလို့ ဆီးလို့မရဘူးလေ။ သတင်းတိတိကျကျရပြီးတော့ တိုင်တဲ့သူက သက်သေနဲ့တိုင်မှ အစ်ကိုတို့မှာ ဒီဟာကို တားဆီးခွင့်ရှိတဲ့ အခြေအနေမျိုးဖြစ်တယ်။ တောက်လျှောက်တော့ SNA ကဝင်နေတာက အသေအချာပဲ။”လို့ ဆိုပါတယ်။
စစ်အာဏာရှင်ကို တွန်းလှန်နေတဲ့ တိုက်ပွဲသာဖြစ်ပြီး လူမျိုးရေးတိုက်ပွဲ မဟုတ်တဲ့အတွက် ဒီလုပ်ရပ်အပေါ် ရှမ်းနီလူငယ်တွေနဲ့ ဒေသတွင်း ပြည်သူလူထုကလည်း ထောက်ခံတာတွေ မရှိဘူးလို့ သိရပါတယ်။
အင်းတော်ကြီးဒေသဟာ မိုးညှင်းမြို့နယ်အတွင်းမှာ တည်ရှိပြီး ရှမ်းနီးလူမျိုးအများဆုံး နေထိုင်ကြတဲ့အပြင် ဗမာလူမျိုး၊ ရှမ်းဗမာသွေးနှောလူမျိုးနဲ့ ဂျိန်ဖော့လူမျိုးတွေလည်း အနည်းအကျဉ်းနေထိုင်ကြတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။







