နိုဝင်ဘာ၊၁၈
ပြည်သူလူထုနေထိုင်တဲ့ နေရာတွေကို လက်နက်ကြီးတွေ လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်နေတာကြောင့် ပြည်သူတွေအနေနဲ့ နေအိမ်တွေမှာ ဗုံးခိုကျင်းတွေပြုလုပ်ပြီး သတိနဲ့နေထိုင်ဖို့ တအောင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC) က ဒီကနေ့ နိုဝင်ဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် စစ်ကောင်စီဟာ ပြည်သူလူထုနေထိုင်တဲ့ နေရာတွေကို လက်နက်ကြီးတွေ လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေတာကြောင့် ပြည်သူတွေအနေနဲ့ နေအိမ်တွေမှာ ဗုံခိုးကျင်းတွေပြုလုပ်ပြီး သတိနဲ့နေထိုင်ဖို့နဲ့ ငွေ၊ ဖုန်း မှတ်ပုံတင်တွေကို ကိုယ်နဲ့မကွာ ယူဆောင်ထားကြဖို့ ထုတ်ပြန်ထားတာပါ။
စစ်ကောင်စီဟာ လက်နက်ကြီးတွေ လေယာဉ်တွေကို အသုံးပြုပြီးတော့ ပြည်သူလူထုနေထိုင်တဲ့ ရပ်ကွက်၊ကျေးရွာနဲ့ အဆောက်ဦတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်တာတွေကို လုပ်ဆောင်နေတာကြောင့် ပြည်သူတွေအနေနဲ့ လုံခြုံရေးဆိုင်ရာအချက် ၆ ချက်ကို လိုက်နာဆောင်ရွက်ကြဖို့ အခုလိုထုတ် ပြန်လာတာလည်း ဖြစ်ပါတယ်။
နေအိမ်တွေမှာ ဗုံးခိုကျင်းနဲ့ အကာအကွယ်ပေးနိုင်မယ့် နေရာတွေလုပ်ဆောင်ထားဖို့ ၊မလိုအပ်ဘဲ ခရီးသွားတာ အရေးကြီးကိစ္စကြောင့်သွားလာဖို့လိုအပ်ခဲ့ရင် တိုက်ပွဲလမ်းကြောင်းအခြေအနေ စုံစမ်းဖို့ နဲ့ အခြေခံလိုအပ်တဲ့ အရေးပေါ်အစားအသောက်ဆေးဝါးတွေ စုစည်းထားပြီးတော့ အကူညီတောင်းခံနိုင်မယ့် အဖွဲ့အစည်း အသင်းအဖွဲ့ တွေရဲ့ ဖုန်းနံပါတ်တွေ မှတ်ထားဖို့လည်း အသိပေးထားပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့အနေနဲ့ ၁၀၂၇ စစ်ဆင်ရေး ကို ဖော်ဆောင်နေပြီးတော့ နိုဝင်ဘာ ၁၇ ရက်နေ့အထိ ရှမ်းမြောက်မှာမြို့ ၅ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားသလို အာဏာသိမ်းစစ်ကောင်စီရဲ့ စခန်း ၁၅၀ ကျော်ကို သိမ်းယူထားနိုင်ပါတယ်။







