
နိုဝင်ဘာ၊ ၂၇
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ ၁၀၅ မိုင်မှာရှိတဲ့ စစ်ကောင်စီရဲ့ဗျူဟာကုန်းကို ဒီနေ့လည်း ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဆီက သိရပါတယ်။
အဲဒီလိုတိုက်ခိုက်တဲ့အချိန် စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ် ၂ ကြိမ်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ညီနောင် ၃ ဖွဲ့က ဒီနေ့ညနေပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
မနေ့ကညပိုင်းမှာလည်း အဲဒီဗျူဟာကုန်းစခန်းဟာ ဒရုန်းနဲ့ဗုံးအကြဲခံရပြီး ခုညနေပိုင်းမှာလည်း ပစ်ခတ်သံတွေ ကြားနေရတယ်လို့ မူဆယ်မြို့မှာနေတဲ့ ဒေသခံအမျိုးသမီးတစ်ယောက်က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“တိုက်ပွဲပြင်းထန်နေတာကဟုတ်တယ်။ ပစ်တာခတ်တာတွေတော့ ကြားနေရတုန်းပဲ။ ကျွန်မတို့လည်း အဲဒီနားမှာရှိတဲ့ မိတ်ဆွေကိုတော့ လှမ်းလှမ်းမေးကြည့်နေတယ်။ လေယာဉ်နဲ့လည်း လာပစ်သွားတယ်။ သူများရဲ့ နွားခြံတွေပေါ်လည်း ကျတယ်” လို့ အဲဒီအမျိုးသမီးက ပြောပါတယ်။
အောက်တိုဘာ ၂၇ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စတင်ခဲ့တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ဒီနေ့ဆိုရင် ၃၂ ရက်နေ့ကို ရောက်လာပြီလည်း ဖြစ်ပါတယ်။
အဲဒီစစ်ဆင်ရေးမှာတော့ ညီနောင်အဖွဲ့ဟာ မူဆယ်မြို့ရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ နမ့်ခမ်းမြို့ကို ထိန်းချုပ်ထားသလို မူဆယ်မြို့ရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ ကြူကုတ်(ပန်ဆိုင်း) မြို့ကိုလည်း သိမ်းပိုက်ထားပါတယ်။
ဒါ့အပြင် မူဆယ်မြို့ကိုတက်လာနိုင်တဲ့ မန္တလေး-မူဆယ်လမ်းမပေါ်မှာရှိတဲ့ သန္နီမြို့ကိုဖြတ်ပြီး စစ်ကောင်စီက မြေပြင်ကနေစစ်ကူမပေးနိုင်အောင်လည်း ညီနောင်အဖွဲ့က ထိန်းချုပ်ထားပါတယ်။
၁၀၂၇ စစ်ဆင်ရေး တစ်လပြည့်တဲ့အချိန်မှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဆင်ရေးကိုဖော်ဆောင်မယ်လို့လည်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ကြေညာထားပါတယ်။
ဓာတ်ပုံ – ယမန်နေ့က တိုက်ပွဲဖြစ်ပြီးနောက် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အတွင်း ပျက်စီးမှုအချို့အား တွေ့ရစဉ်။






