စိုင်းခေ-ရေးသည်။
ဇန်နဝါရီ၊ ၂၉
၁၆ ရာစုတုန်းက ကမ္ဘာကိုကိုင်လှုပ်ခဲ့တဲ့ ကျမ်းကြီးတစ်စောင်ထွက်ပေါ်ခဲ့ပါတယ်။ တိုင်းပြည်ကို အုပ်ချုပ်မယ့်သူတွေအတွက် နည်းလမ်းတွေကို ရေးသားခဲ့တာပါ။ လူကောင်းတွေမကြိုက်ပေမဲ့ အာဏာရှင်တွေ တော်တော်သဘောခွေ့ကြတဲ့ ကျမ်းဖြစ်ပါတယ်။
အဲဒီကျမ်းကိုတော့ အခုခေတ်မှာ လူတွေက အာဏာရှင်လက်စွဲကျမ်းလို့ ခေါ်ဆိုနေကြပါပြီ။ ရေးခဲ့တဲ့သူကတော့ အခုခေတ်အီတလီနိုင်ငံထဲမှာပါတဲ့ ဖလောရန့်စ်ဒေသက တွေးခေါ်ပညာရှင် တစ်ယောက်ပါ။ စာရေးသူ နာမည်ကတော့ မယ်ခီယာဗဲ့လီဖြစ်ပါတယ်။
အဲဒီစာအုပ်ထဲမှာတော့ တိုင်းပြည်ကို အုပ်ချုပ်မယ့်သူတွေဟာ အကြမ်းဖက်သင့်ရင် ဖက်ရမယ်၊ လူတွေကို ရက်စက်စရာရှိရင် ရက်စက်ရမယ်၊ သတ်စရာရှိရင် သတ်ရမယ်၊ အကြောက်တရား ရိုက်သွင်းရမယ်လို့ တုတ်ထိုးအိုးပေါက် ရေးထားတာဖြစ်ပါတယ်။ အကြောက်တရားရဲ့ အဆိပ်တွေ တိုင်ပြည်အနှံ့ ပျံ့နှံ့အောင် လုပ်ခိုင်းပြီး တိုင်းပြည်ကို အဆိပ်ခပ်ခိုင်းတာပါ။
စိတ်မကောင်းစရာက မြန်မာနိုင်ငံမှာ အဲဒီလိုအဆိပ်တွေပျံ့နှံ့နေတာ ဆယ်စုနှစ်တွေ တော်တော် ကြာနေပါပြီ။ သိပ်မဝေးသေးတဲ့ကာလက နိုင်ငံကို အဆိပ်ခပ်မှု အဖြစ်အပျက်တစ်ခုအကြောင်း ပြန်ပြောချင်ပါတယ်။ အဲဒါကတော့ ဦးကိုနီအကြောင်းပါ။
ဒီနေ့ဆိုရင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လူလယ်ခေါင်မှာ လုပ်ကြံခံရတာဟာ ၉ နှစ်ပြည့်သွားပြီ။ ဒါဟာ နိုင်ငံကို အဆိပ်ခပ်လိုက်တာပါပဲ။ လူလယ်ခေါင်မှာ အကြမ်းဖက် သတ်ပစ်ပြီးတော့ လူထုကြားထဲ ကြောက်ရွံ့မှုအဆိပ်တွေ ပျံ့နှံ့သွားအောင် လုပ်လိုက်တဲ့ဖြစ်စဉ်လို့ ပြောရင်လည်း မမှားပါဘူး။ ဦးကိုနီအမှုအတွက် အခုထိ အဓိက တရားခံကို ဖမ်းမမိသေးပါဘူး။
အဲဒီနောက် ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာတော့ စစ်တပ်က အာဏာသိမ်းပြီး နိုင်ငံကို အဆိပ်ပြင်းပြင်း တစ်ခွက်ထပ်တိုက်လိုက်ပါတယ်။ ကိုယ့်ပြည်သူကို အညှာအတာမဲ့ ဗုံးတွေအဆက်မပြတ်ကြဲချ၊
အရပ်သားတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်၊ ရွာတွေကို မီးလောင်တိုက်သွင်း။ ဒါတွေဟာ နိုင်ငံကို အဆိပ်ခပ်နေတာမဟုတ်ရင် ဘာများဖြစ်နိုင်ပါဦးမှာပါလဲ။ တဖြည်းဖြည်းနဲ့ နိုင်ငံက အာရုံကြောတွေ သေလာပါပြီ။
ဒီနေရာမှာ စိတ်မကောင်းစရာ တစ်ခုကိုထောက်ပြရရင်တော့ စာနာနားလည်နိုင်ပါတယ်ဆိုတဲ့ လူတွေတောင် အခုအချိန်မှာ စစ်တပ်ရဲ့ နိုင်ငံတော်ကိုအဆိပ်ခပ်မှုအပေါ် မျက်နှာလွှဲနေနိုင်ကြပါပြီ။ ဒါကလည်း သူတို့ကို အပြစ်ပြောလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ လူတွေဦးနှောက်ရဲ့ အလုပ်လုပ်ပုံကြောင့်ပါ။
လူတွေရဲ့ ဦးနှောက်ထဲမှာ သူတစ်ပါးနာကျင်တာကို ကိုယ်တိုင်ခံစားရသလို ဖြစ်စေတဲ့ Mirror Neurons ဆိုတာရှိပါတယ်။ အဲဒီအာရုံခံအစိတ်အပိုင်းကြောင့် စိတ်မကောင်းစရာသတင်းတွေကို ဆက်တိုက်မြင်ရ ဖတ်ရတဲ့လူဟာ စိတ်ဒဏ်ရာတွေရသွားနိုင်တယ်ဆိုပြီး နောက်ပိုင်းမှာ ဦးနှောက်က ပိတ်ချတတ် ပါတယ်။
နောက်ပိုင်းမှာ စာနာစိတ် ကုန်ခန်းခြင်း (Compassion Fatigue) ဆိုတဲ့ ဖြစ်စဉ် အထိ ဦးနှောက်က အလုပ်လုပ်ပေးလိုက်ပါတယ်။ ဒါ့အပြင် စိတ်မကောင်းစရာသတင်းတွေကြောင့် ထွက်လာတဲ့ ဟော်မုန်းဟာ လူကို ဒုက္ခပေးတယ်ဆိုပြီးတော့လည်း ဦးနှောက်က လူတွေရဲ့ ရှင်သန်နိုင်ရေးအတွက် စိတ်မကောင်းစရာသတင်းတွေကို မေ့ပစ်တတ်ပါတယ်။
ဒါဟာ နှလုံးသားနုပါတယ်ဆိုတဲ့လူတွေ၊ မတရားမှုကို လက်မခံပါဘူးဆိုတဲ့လူတွေ စစ်တပ်က နိုင်ငံကို အဆိပ်ခပ်နေတဲ့အပေါ် နောက်ပိုင်းမှာ ဘာကြောင့် မျက်နှာလွှဲလာကြလဲဆိုတဲ့ အကြောင်း အရင်းပါ။ (လူကြီးဆိုသူများ သတိချပ်ဖို့ လိုပါတယ်)
ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ကြာကြာ မျက်နှာလွှဲလို့ မဖြစ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် နေ့တိုင်း သတိပေးနေဖို့ လိုပါတယ်။ ခရီးသွားတဲ့အချိန် မှတ်ပုံတင်မစစ်တာကို ကျေးဇူးတင်တတ်တဲ့သူတွေ မဖြစ်ဖို့ လိုပါတယ်။ ဧည့်စာရင်းလာစစ်တဲ့အချိန် ကောင်းကောင်းမွန်မွန် ဆက်ဆံသွားတဲ့အပေါ် မသာယာမိဖို့ လိုပါတယ်။ ဒါတွေဟာ သကြားဖြူးထားတဲ့ အဆိပ်တွေဖြစ်ပါတယ်။
ဒီနေရာမှာ စစ်တပ်အာဏာသိမ်းတာကို ထောက်ခံတယ်ဆိုတဲ့သူတွေကိုလည်း ဇာတ်လမ်း တစ်ပုဒ်လောက် ပြောချင်ပါတယ်။ ဒီရက်ပိုင်းထဲ ကနေဒါဝန်ကြီးချုပ် ပြောသွားတဲ့ မိန့်ခွန်းထဲက ဇာတ်လမ်းလေးပါ။ ဝန်ကြီးချုပ် ကိုးကားသွားတာက ၁၉၇၈ ခုနှစ်တုန်းက ချက် ပြည်သူ့အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူ ‘ဗားကလပ် ဟာဗယ်’ (Václav Havel) ရဲ့ ‘အင်အားမဲ့သူတွေရဲ့ စွမ်းအား’ (The Power of the Powerless) ဆိုတဲ့ စာတမ်းတစ်စောင်ဖြစ်ပါတယ်။
ဇာတ်လမ်းက ဈေးသည်လေးတစ်ယောက်ဟာ “ကမ္ဘာ့အလုပ်သမားများ သွေးစည်းကြ“ ဆိုတဲ့ စာတန်းကို သူ့ဆိုင်ရဲ့ ပြတင်းပေါက်မှာချိတ်ထားပါတယ်။ ဒီစာသားကို သူယုံလားဆိုရင် မယုံပါဘူး။ အဲဒီလိုပဲ တခြားဆိုင်တွေကလည်း မယုံပါဘူး။ ဒါပေမဲ့ သူတို့ဟာ အဲဒီစာတန်းတွေကို အထက်လူကြီးတွေ သဘောကျရင်ပြီးရောဆိုတဲ့ စိတ်နဲ့ချိတ်ထားကြပါတယ်။ ဒါပေမဲ့ ဘယ်သူမှ မယုံကြည်ကြပါဘူး။ ဟာဗယ်က ဒါကို “မုသားထဲမှာ ရှင်သန်နေထိုင်ခြင်း” (Living within a lie) လို့ ခေါ်ခဲ့ပါတယ်။
ဒီတော့ စစ်တပ်အာဏာသိမ်းတာကို ထောက်ခံသူတွေအနေနဲ့ကော အခုလို ခေတ်ဆိုးကြီးမှာ နေထိုင်ရတာကို သဘောကျရဲ့လား။ နိုင်ငံအဆိပ်ခပ်ခံနေရတာကို မြင်ရဲ့လားလို့ မေးချင်ပါတယ်။ ကိုယ့်စိတ်ထဲမှာ မညာတမ်းဖြေကြည့်ကြပါ။
အာဏာသိမ်းပြီးတဲ့နောက် ဘာတွေအဆင်ပြေသွားလဲ။
ကြက်ဥတစ်လုံး တစ်ရာကနေ ငါးရာဖြစ်သွားတာက ကံကောင်းမှုလား။ ဒါမှမဟုတ် ဝယ်နေကြ ဆေးတွေမရတော့တာက အာဏာရှိသူတွေရဲ့ စူးရောက်မှုတွေလား။ ဝန်ထမ်းတွေ လခမတိုးလာပေမဲ့ မကျသွားတာက အဆင်ပြေတာလား။ ဖြေကြည့်စေချင်ပါတယ်။
ဆောင်းပါးကို ဒီလောက်နဲ့ပဲ အဆုံးသတ်ပါရစေ။ ဒီနိုင်ငံကြီးရဲ့ မငြိမ်းသေးတဲ့ ပဋိပက္ခတွေကို ဖြေရှင်းရေးအတွက် “အဆုံးသတ်ရမယ့် ပန်းချီကား” ဆိုပြီး ဦးကိုနီက ဟောပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ နိုင်ငံကို နှစ်ပေါင်း ၆၀ ကျော်လောက် ထိန်းချုပ်နေတဲ့ စစ်တပ်ဟာ ပန်းချီကားကို အဆုံးမသတ်ဘဲ ပြန်ဖျက်နေပါပြီ။
စာနာတတ်သူတွေအနေနဲ့ ဦးနှောက်ရဲ့ လှည့်စားမှုကို မခံကြဖို့နဲ့ အာဏာသိမ်းတာကို ထောက်ခံသူတွေ ကတော့ ဆိုင်မှာချိတ်ထားတဲ့ ဆိုင်းဘုတ်တွေကို ဖြုတ်ပေးကြဖို့လိုနေပါပြီ။
နိုင်ငံတော်ဟာလည်း အဆိပ်ကြောင့် အကြောသေဒရွတ်ဆွဲနေပါပြီ။ ဖြေဆေး အချိန်မမီရင်တော့ ဒုက္ခိတဘဝနဲ့ တဖြည်းဖြည်းချင်း သေဆုံးပါတော့မယ်။
—————
စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။







